ညောင်ဦး ၃ ဇန်နဝါရီ
ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်တွင် ရှေးဟောင်းစေတီပုထိုး၊ ဘုရားကျောင်းကန်၊ သာသနိက အဆောက်အအုံ များစွာရှိပြီး ပုဂံဒေသတစ်ဝိုက် ၁၉ စတုရန်းမိုင်အတွင်းတွင် ရှေးဟောင်းစေတီပုထိုး အဆောက်အဦ ကြီးငယ်ပေါင်း ၂၂၀၀ ကျော် ကျန်ရှိနေသေးကြောင်း၊ အုတ်ကုန်းများ ပါဆိုလျှင် ၃၀၀၀ ကျော် ကျန်ရှိနေသေးကြောင်းနှင့် ပုဂံ ရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ ရောက်လာကြသည့် ပြည်ပခရီးသွားများသည် ပုဂံဒေသ၏ တစ်ဆူနှင့်တစ်ဆူ မတူညီသည့် စေတီပုထိုးများ၏ ပုံသဏ္ဍာန်အား အသေးစိတ် လေ့လာရေးမှတ်ကြကြောင်း စာရေးဆရာ မင်းဘူး အောင်ကြိုင်က ပြောပြသည်။
ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်တွင် မတူညီသည့် စေတီပုထိုးများ၊ သာသနိက အဆောက်အအုံများကြောင့် ပြည်တွင်း ပြည်ပ ခရီးသွား ဘုရားဖူးများ များပြားလာနေပြီ အလွန်ရှေးကျပြီး ရှေးမြန်မာတို့၏ အံ့မခန်းလက်ရာ အမျိုးမျိုးအား ပုဂံရှေးဟောင်းဇုန်သို့ ရောက်ရှိလာသည့် မည်သူမဆို မအံ့သြဘဲ မနေနိုင်အောင် ဖြစ်ကြကြောင်း၊
ငကျွဲနားဋောင်းဘုရားတွင် အလွန်ရှေးကျသော စဉ့်အစိမ်းရောင်ပါရှိသည့် စဉ့်စိမ်းရောင်အုတ်များအား ကြည့်ရှု လေ့လာနိုင်သည့်အပြင် အလိုတော်ပြည့် ဘုရားတွင် ရှေးဟောင်းမှင်စာများ၊ နံရံဆေးရေးပန်းချီများ၊ ဖက်လိပ် ဘုရားတွင် ငါးရာ့ငါးဆယ် ဇာတ်နိပါတ်တော်များ အုတ်ခွက်ထွင်းထုထားသော ပုံများလေ့လာနိုင်ပြီး ငကျွဲနားဋောင်း ဘုရားနှင့် သဗ္ဗညုဘုရားကြားတွင် နတ်လျှောင်းကျောင်းရှိပြီး (ဟိန္ဒူဘုရားကျောင်း) နတ်လျှောင်ကျောင်း အတွင်းမှ တွေ့ရသော သီဝနတ်ရုပ်အား စိတ်ဝင်စားစွာ လေ့လာကြပြီး ရေးထိုးထားသည့် ကမ္ဗည်းအား စိတ်ဝင်တစား ဖတ်မှတ်နေကြသည်မှာ ပုဂံကိုစိတ်ဝင်းစားလို့ မှတ်သားခြင်းဖြစ်ပေသည်။
ခေမင်္ဂဘုရားဝင်းနားတွင်း စေတီပုထိုး အဆူ ၂၀ ကျော် ကပ်လျှက် အနေအထားများဖြင့် တည်ရှိနေသော်လည်း စေတီပုထိုး တစ်ဆူနှင့်တစ်ဆူ မတူညီဘဲ နိုင်ငံခြားသား/သူများ အလာများသော ဘုရားဝင်းဖြစ်နေသည်။ ဘုရားအမှတ် (၁၈၄၅) ဘုရားသည် ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်တွင် အဝတ်ပန်းချီရှိသော တစ်ဆူတည်းသော ဘုရားဖြစ်ပြီး သက်ဆိုင်ရာမှ သော့ပိတ်ထားသည်ဟု သိရသည်။ လာရောက်လည်ပတ်သည့် ပြည်ပခရီးသွားများမှ ထိုအဝတ်ပန်းချီရှိသော ဘုရားအား အစောင့်အရှောက်ထားကာ လာရောက်လေ့လာသူများကို လေ့လာခွင့် ပြုသင့်ကြောင်း ဧည့်လမ်းညွှန် ဦးသက်ခိုင်က၎င်း၏ အမြင်ကိုပြောပြသည်။
ဘုရားအမှတ် (၁၈၅၂) မှာလည်း သော့အမြဲတမ်း ပိတ်ထားခြင်း၊ ဘုရားလှိုင်ဂူထဲရှိ ရှေးနံရံဆေးရေး ပန်းချီများ ရှေးဟောင်းဗိသုကာလက်ရာများ ပုဂံဒေသသို့ လာရောက်လေ့လာ လည်ပတ်သည့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များအား ဘုရားသော့ အမြဲမပိတ်ဘဲ လေ့လာခွင့်ပြုသင့်ကြောင်း ကျောက်ပန်းတောင်းမြို့မှ ပုဂံသို့ လာရောက်ဘုရားလေ့ရှိသည့် မသင်းလဲ့ရည်မှ ပြောပြသည်။
ပုဂံဒေသတွင် ယခုရက်ပိုင်းဘုရားဖူး၊ လေ့လာရေး လာရောက်လည်ပတ်သည့် ပြည်ပခရီးသွား အလွန်များပြား လာနေရာ တရုတ်နိုင်ငံမှ အများဆုံးလာရောက်နေပြီး၊ ကိုရီးယား၊ ဂျပန်၊ မက္ကဆီကို၊ ဂျာမနီ၊ ပြင်သစ်နိုင်ငံများမှ အများဆုံးလာရောက်နေပြီး ဒီဇင်ဘာလ တတိယပတ်မှစကာ ပြည်ပခရီးသွား ပြန်လည်ဝင်ရောက်မှု များပြားလာကြောင်း ဧည့်လမ်းညွှန်များထံက သိရသည်။
တိုးတက်လာသည့် ပြည်တွင်းပြည်ပ ခရီးသွားများအား ဆက်လက်တိုးတက်အောင် ထိန်းသိမ်းကာ သက်ဆိုင်ရာ တာဝန်ရှိသူများမှလည်း ဝင်ရောက်လာသည့် ခရီးသွား ဧည့်သည်များ ဖြေလျှော့သင့်တာ ဖြေလျှော့ ထိန်းသိမ်း ကြပ်မတ်သင့်တာ ကြပ်မတ်ကာ မြန်မာနိုင်ငံခရီးသွားကဏ္ဍ ဆက်လက်တိုးတက်စေရေး ပူပေါင်းဆောင်ရွက်သင့်ကြောင်း ဧည့်လမ်းညွှန် ဦးသက်ခိုင်မှ ပြောပြသည်။
မောင်မောင်ထိန်(ကျောက်ပန်းတောင်း)