ရန်ကုန် ဇူလိုင် ၂
ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသ သန့်ရှင်းသာယာလှပပြီး ဒြပ်ရှိယဉ်ကျေးမှု အမွေအနှစ်များ ရေရှည်တည်တံ့စေရန် ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ရွှေဆံတော်၊ ဓမ္မရာဇက၊ ထီးလိုမင်းလို၊ မြစေတီ၊ မနုဟာ၊ ဓမ္မရံကြီး၊ မဟာဗောဓိ၊ စူဠာမဏိ၊ ပြဿာဒ်ကြီး၊ သိကြားပုန်း၊ ပံ့သကူမဟာထေရ် စသည့် ရှေးဟောင်းဘုရား ၁၁ ဆူတွင် မတ်လ ပထမပတ်က မိုးကြိုးလွှဲများ တပ်ဆင်မှုပြီးစီးခဲ့ပြီး ရှေးဟောင်းယဉ်ကျေးမှုဒေသ ပရိဝုဏ် အတွင်း၌ သန့်ရှင်းသာယာလှပစေရန် ခြုံနွယ်များရှင်းလင်းခြင်း၊ လမ်းဘေး ဝဲ/ယာ သန့်ရှင်း ရေးဆောင်ရွက်ခြင်း၊ အမှိုက်ကန်ကြီးများနှင့် အမှိုက်ပုံးများ ထားရှိခြင်းတို့ကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ထောက်ပံ့မှုဖြင့် ဆောင်ရွက်လျက်ရှိရာ လာမည့်ပွင့်လင်းရာသီတွင် ပုဂံယဉ်ကျေးမှု ဒေသ၏ အလှနှင့် သန့်ရှင်းသာယာလှပမှုကို ပိုမိုပေါ်လွင်စွာ တွေ့မြင်လာရမည်ဖြစ်ကြောင်း သိရသည်။
“ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသကို နိုင်ငံတော်အကြီးအကဲ လမ်းညွှန်မှုနဲ့အညီ အကောင် အထည်ဖော် ဆောင်ရွက်နေပါတယ်။ ပွင့်လင်းရာသီမှာ ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေ လာရောက် လည်ပတ်တဲ့အခါ အဆင်ပြေအောင် ရွှေဆံတော်၊ မင်းနန်သူ၊ စူဠာမဏိ၊ အာနန္ဒာ၊ ဓမ္မရံကြီး၊ ဓမ္မရာဇက ဘုရား အပါအဝင် အထင်ကရဘုရား၊ စေတီတွေ ကိုသွားတဲ့ လမ်းတွေကို ပြုပြင်တာ၊ ရေနုတ်မြောင်းတွေ ဆည်တာ၊ ရေဆင်းပိုက်လိုင်းကြီးတွေ တပ်ဆင်တာ၊ ရှေးဟောင်းရေကန်တွေ တူးဖော်တာနဲ့ လမ်းတွေပြုပြင်ဖာထေးတာ စတဲ့ လုပ်ငန်းတွေကိုလည်း နယ်စပ်ရေးရာဝန်ကြီးဌာန၊ သမဝါယမနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနတို့နဲ့ ပူးပေါင်းဆောင် ရွက်နေပါတယ်။ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရဲ့အလှဟာ ပိုပြီးပေါ်လွင်လာမှာဖြစ်တဲ့အတွက် ခရီးသွား တွေ ပိုမိုဝင်ရောက်လာမယ်လို့ ခန့်မှန်းထားပါတယ်”ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန(ပုဂံဌာနခွဲ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သန်းက ပြောသည်။
ထို့ပြင် ပြည်တွင်း၊ ပြည်ပ ခရီးသွားများ လေ့လာကြည့်ရှုရာတွင် အဆင်ပြေချောမွေ့စေရန် စူဠာမဏီနှင့် ထီးလိုမင်းလို ဘုရားဝင်းအတွင်း၌ အုတ်၊ သဲကျောက်ပြားတို့ဖြင့် ပတ်လမ်း၊ လျှောက်လမ်း ဖော်ဆောင် ခြင်းနှင့် ပတ်လမ်းနှင့် ဘုရားအကြား လစ်လပ်နေသောနေရာများ ခင်းကျင်းခြင်းလုပ်ငန်းကို အဆိုပါ ဘုရားများမှ တာဝန်ရှိသူများက ဆောင်ရွက်သွားမည်ဖြစ်ပြီး ရွှေစည်းခုံစေတီတော်မြတ်အား လုံးတော်ပြည့် ရွှေစင်ရွှေပြားကပ်လှူခြင်းနှင့် လမ်းညွှန်အမှတ်အသားများ အသစ်ပြန်လည်ဆောင်ရွက်ခြင်းနှင့် ရုပ်စုံ ကျောင်းနှင့် ဦးကြံပေါ်တန်ဆောင်း ပြုပြင်ခြင်းလုပ်ငန်းတို့ကိုလည်း ဆောင်ရွက်နေကြောင်း သိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် မိုးရာသီ၌ ခရီးသွားဝင်ရောက်မှု နည်းသော်လည်း နေ့စဉ်ခရီးသွား မပြတ်ဝင်ရောက်လျက်ရှိပြီး ပွင့်လင်းရာသီဖြစ်သည့် အောက်တိုဘာလမှစတင်၍ ခရီးသွားကဏ္ဍ ပြန်လည် ကောင်းမွန်လာမည်ဖြစ်ကြောင်း ခရီးသွားဝန်ဆောင်မှုကုမ္ပဏီများက ခန့်မှန်းထားသည်။
ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းရာ၌ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှု အမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးသည် နိုင်ငံတော်မှ ချမှတ်ထားသော လူမှုရေးဦးတည်ချက်တွင် တစ်ခုအပါအဝင်ဖြစ်ပြီး နိုင်ငံသားတိုင်း မြန်မာ့ယဉ်ကျေးမှုကို ချစ်မြတ်နိုးလာစေရန်နှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို နိုင်ငံတကာ အဆင့်မီ ထိန်းသိမ်းနိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ရှေးဘိုးဘွားများထားရှိခဲ့သော တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းအမွေအနှစ် ဒြပ်ရှိယဉ်ကျေးမှုရတနာများကို သားစဉ်မြေးဆက လက်ဆင့်ကမ်းကာ ကွယ်စောင့်ရှောက်သွားရန်နှင့် အမျိုးသား အမွေအနှစ်မှတစ်ဆင့် ကမ္ဘာ့အမွေအနှစ် ဒြပ်ရှိယဉ်ကျေးမှုများ ရေရှည်တည့်တံ့စေရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။
ဓာတ်ပုံ-ကနူး
ညိမ်းသူ(သတင်းစဉ်)


