ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်း ရေလမ်းကြောင်းများဖော်ထုတ်ခြင်းနှင့် ရှေးဟောင်း ရေကန် (၉၁)ကန် ပြန်လည်တူးဖော်ထိန်းသိမ်း ကန်ဆယ်ခြင်းလုပ်ငန်းများကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြသည့် ဝန်ကြီးဌာနများနှင့် ရေကန်အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၊  နိုဝင်ဘာ  ၁၉

 

ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်း ရေကြီးရေလျှံမှုများ ထပ်မံမဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေလမ်းကြောင်းများဖော်ထုတ်ခြင်းနှင့် ရှေးဟောင်းရေကန် (၉၁)ကန် ပြန်လည်တူးဖော်ထိန်းသိမ်း ကန်ဆယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြသည့် ဝန်ကြီးဌာနများနှင့် ရေကန်အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့တွင် အမျိုးသားစာကြည့်တိုက်(နေပြည်တော်) ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပသည်။   

        

အခမ်းအနားသို့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့မှ တာဝန်ရှိသူများ၊ ဒုတိယဝန်ကြီးများနှင့် ရေကန် အလှူရှင်များ တက်ရောက်ခဲ့ကြသည်။

 

ဉီးစွာ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်၊ UNESCO ၏ အကြံပြုချက်တို့ကို အကောင်အထည်ဖော်ရန်အတွက်  ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်းရှိ ရှေးဟောင်း ရေကန် (၁၀၆)ကန်အနက် ပြန်လည်တူး ဖော် ပြုပြင်ထိန်းသိမ်းရန် လိုအပ်သော ရေကန် (၉၁)ကန်ကို ကွင်းဆင်းလေ့လာခဲ့ပါကြောင်း၊  ပုဂံခေတ်ရှေးဟောင်း ရေလမ်းကြောင်း အဓိက(၃)ကြောင်းကိုလည်း နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့၏ ပူးပေါင်းကူညီမှုဖြင့် ပြန်လည်ဖော်ထုတ်ပြုပြင်ခဲ့ကြောင်း၊ ရေကန်များအား ပြုပြင်ထိန်းသိမ်း တူးဖော်ကန်ဆယ်ခြင်းနှင့် ရှေးဟောင်းရေလမ်းကြောင်းများ ဖော်ထုတ်ထိန်းသိမ်းခြင်းလုပ်ငန်းများတွင် ဝိုင်းဝန်း ကူညီဆောင်ရွက်ပေး လျက်ရှိသော ဝန်ကြီးဌာနနှင့် မန္တလေးတိုင်းဒေသကြီး၊ ရေကန်များပြုပြင်ထိန်းသိမ်း တူးဖော်ကန်ဆယ်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အလှူငွေများလှူဒါန်းပေးသော အလှူရှင်များအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ရေလမ်းကြောင်းများဖော်ထုတ်နေမှုအခြေအနေနှင့် ရေကန်များအား ပြုပြင်ထိန်းသိမ်းတူးဖော် ကန်ဆယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ဆောင်ရွက်ဆဲအခြေအနေနှင့် ဆက်လက် ဆောင်ရွက်မည့် အခြေအနေတို့ကို Power Point ၊ Video Short Clip များဖြင့် အသေးစိတ်ရှင်းလင်း ပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများက ပုဂံဒေသရှိ ရှေးဟောင်းရေကန်များ ပြန်လည်တူးဖော်ရန် ရေကန်တစ်ကန်ချင်း လှူဒါန်းခဲ့သည့် အလှူရှင် (၃၂)ဦးတို့ကို ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဆောင်ရွက်ပြီးစီးမှုမှတ်တမ်းဓာတ်ပုံနှင့် ရေကန်ဆိုင်ရာအချက်အလက်များကို ပေးအပ်ရာ အလှူရှင်များ ကိုယ်စား သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး(ငြိမ်း) သူရဦးမြင့်မောင်က ရေကန်များလှူဒါန်း ရခြင်းအကြောင်းနှင့် ရေကန်များလှူဒါန်းရသဖြင့် ဝမ်းမြောက်သဒ္ဓါပွားများရပါကြောင်း ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

ဆက်လက်၍ ပိဋကတ်သုံးပုံ အင်္ဂလိပ်ဘာသာပြန်ဆိုခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ တိပိဋကပါဠိ မြန်မာအဘိဓာန်အား အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် အန္တရာယ်ကင်း ပရိတ်တော်များ ပုံနှိပ်ထုတ်ဝေနေမှုများကို ပြည်ထောင်စုဝန်ကြီးက Video မှတ်တမ်း၊ ဓာတ်ပုံမှတ်တမ်း များနှင့်တကွ ရှင်းလင်းပြောကြားပြီး တက်ရောက်လာသောအလှူရှင်များကို ခင်းကျင်းပြသထားသည့် အဋ္ဌကထာ စာအုပ်များ၊ ပိဋကတ်သုံးပုံ အင်္ဂလိပ်ဘာသာပြန် စာအုပ်များ၊ အဘိဓာန်စာအုပ်များ၊ အန္တရာယ်ကင်းပရိတ်တော် စာအုပ်များကို ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)