ညောင်ဦး ဒီဇင်ဘာ ၁၂

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်းရှိ ဘုရား(၁၁)ဆူတွင် မိုးကြိုးလွှဲတပ်ဆင်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများထံက သိရသည်။

 

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသည် အပူပိုင်း မိုးနည်းရပ်ဝန်းဒေသတွင် ပါဝင်သော်လည်း ရာသီဥတုဖောက်ပြန်မှုများနှင့်အတူ ၂၀၂၃ ခုနှစ်အတွင်း ဗူးဘုရားစေတီတော်နှင့် ဓမ္မရာဇကစေတီတော်တို့တွင် မိုးကြိုးစက်ကွင်းထိမှန်ခဲ့ကြောင်း၊ ရှေးဟောင်းအဆောက်အုံများ ရေရှည်တည်တံ့စေရန်နှင့် ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများကိုလည်း အမြဲမပြတ် ဆောင်ရွက်လုပ်ကိုင်လျက်ရှိရာ သမိုင်းအထင်ကရ ဘုရားများဖြစ်သည့် ထီးလိုမင်းလိုဘုရား၊ ဓမ္မရာဇကဘုရား၊ ရွှေဆံတော်ဘုရား၊ မဟာဗောဓိဘုရား၊ မြစေတီဘုရား၊ မနုဟာဘုရား၊ ဓမ္မရံကြီးဘုရား၊ စူဠာမဏိဘုရား၊ ပြဿဒ်ကြီးဘုရား၊ ပံ့သကူမဟာထေရ်ဘုရားနှင့် သိကြားပုန်းဘုရားတို့အား မိုးကြိုးလွှဲတပ်ဆင်နိုင်ရေး ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲမှ တာဝန်ရှိသူများနှင့် ဆောက်လုပ်ရေး အထူးအဖွဲ့(၇)မှ တာဝန်ရှိသူများက ရှေးဟောင်းဘုရား (၁၁)ဆူတို့တွင် မိုးကြိုးလွှဲတပ်ဆင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဒီပါလင်း