နေပြည်တော် ၂၂ ဇူလိုင်
ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဇုန်ဧရိယာသတ်မှတ်မှု၊ အကျယ်အဝန်းနှင့် ပတ်သက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်စိုးအား မြန်မာ့အလင်းမှ ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည် -
မေး။ ။ ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဇုန်ကို ကမ္ဘာ့အမွေအနှစ် အမည်စာရင်း တင်သွင်းတဲ့နေရာမှာ တိုးချဲ့ထားတယ်ဆိုတာ သိရပါတယ်။ အဲဒီလိုတိုးချဲ့ထားတာနဲ့ ပတ်သက်ပြီးတော့ ပြောပြပေးစေလိုပါတယ်။
ဖြေ။ ။ အမွေအနှစ်ဇုန်ကို ချဲ့တယ်ဆိုတာ အရင်တုန်းက အမွေအနှစ်ဇုန်ရေးဆွဲတဲ့ နေရာမှာ ပြည့်စုံမှုမရှိခဲ့ဘူး။ ပုဂံအကြောင်းပြောရင် နန်းတော်ရာ ယုန်လွှတ်ကျွန်းတို့၊ ကျောက်စကား၊ သီရိပစ္စယာ၊ တမ္ပဝတီ နန်းတော်ရာ၊ ပျဉ်ပြားမင်းနန်းတော်တို့ ဆိုတာရှိတယ်။ အဲဒီနန်းတော်ရာဟောင်းတွေထဲကမှ ပထမဇုန် Plan ထဲမှာရေးတုန်းက ယုန်လွှတ်ကျွန်း နန်းတော်ရာ ကျန်နေခဲ့တဲ့အတွက် အဲဒါတွေပါထည့်သွင်းခဲ့တာကြောင့် ပိုပြီးတော့ ကျယ်လာတယ်။ နောက်တစ်ခုက ပုဂံမှာ စွယ်တော်လေးဆူထဲက တစ်ဆူဖြစ်တဲ့ တန့်ကြည်တောင် စွယ်တော်က ဧရာဝတီမြစ်တစ်ဖက်ကမ်း မကွေးတိုင်းဒေသကြီး ပခုက္ကူဘက်မှာ ရောက်သွားတော့ အဲဒီ တန့်ကြည်တောင် စွယ်တော်မြတ်စေတီလည်းပါအောင် ကျွန်တော်တို့ ဇုန်ကိုချဲ့ပြီးရေးဆွဲရတာ ဖြစ်ပါတယ်။
မေး။ ။ အဲဒီလိုတိုးချဲ့တဲ့နေရာမှာ အမွေအနှစ်ဇုန်ကို ဘယ်လိုပုံစံမျိုး သတ်မှတ်ထားသလဲဆိုတာ သိပါရစေ။
ဖြေ။ ။ အမွေအနှစ်ဇုန်ကို ရေးဆွဲတဲ့နေရာမှာ အမွေအနှစ်အဆောက်အအုံတွေပါရှိတဲ့နေရာ၊ အဓိကနေရာဖြစ်တဲ့ ရှေးဟောင်းအမွေအနှစ်များ စုစည်းရာနေရာ (Properties Zone) အဖြစ် သတ်မှတ်ထားပြီးတော့ အမွေအနှစ်တွေကို ထိန်းသိမ်းကာကွယ်ရာမှာ အထောက်အကူဖြစ်အောင် Properties Zone ရဲ့ အပြင်ဘက်မှာ ကြားခံဇုန်အနေနဲ့ Buffer Zone တွေကိုလည်း ထူထောင်ထားတာကြောင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဇုန်အပိုင်းအခြား နှစ်ခုပါဝင်ပါတယ်။
မေး။ ။ တန့်ကြည်တောင်စွယ်တော်မြတ်စေတီနဲ့ ယုန်လွှတ်ကျွန်းနန်းတော်ရာတို့ကိုပါ အမွေအနှစ်ဇုန်အတွင်း ရေးဆွဲသတ်မှတ်ပြီးတဲ့နောက် ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ဇုန်အကျယ်အဝန်း ဘယ်လောက်ထိ ရှိသွားပြီလဲဆိုတာ သိပါရစေ။
ဖြေ။ ။ ပုဂံဒေသရှေးဟောင်းယဉ်ကျေးမှုအမွေဇုန်သတ်မှတ်တဲ့နေရာမှာ အဓိက ကတော့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့နေရာမှာ အထောက်အကူ ပိုဖြစ်စေဖို့အတွက် Buffer Zone လို့ခေါ်တဲ့ ကြားခံဇုန်တွေကို ပိုမိုတိုးချဲ့ထားပါတယ်။ အဲဒီလို တိုးချဲ့ရေးဆွဲပြီးတဲ့နောက်မှာ GIS ရဲ့ တိုင်းတာချက်အရ ပုဂံ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဇုန်တွေထဲက ရှေးဟောင်းအမွေအနှစ်များ စုစည်းရာနေရာ (Properties Zone) ထဲမှာ ဟက်တာအနေနဲ့ ပြောမယ်ဆိုရင် ၄၉၈၇ ဒသမ ၈၈ ဟက်တာ၊ ကြားခံဇုန် (Buffer Zone) က ၁၇၈၂၁ ဒသမ ၉၇ ဟက်တာ စုစုပေါင်း ၂၂၈၀၉ ဒသမ ၈၅ ဟက်တာ ကျယ်ဝန်းပါတယ်။ ဧကနဲ့ ပြောမယ်ဆိုရင်တော့ Properties Zone က ၁၂၃၂၅ ဒသမ ၃၁ ဧက၊ Buffer Zone က ၄၄၀၃၉ ဒသမ ဝ၄ ဧက စုစုပေါင်း ဇုန်ဧရိယာ ၅၆၃၆၄ ဒသမ ၃၅ ဧက ကျယ်ဝန်းပါတယ်။
မေး။ ။ ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဇုန် အကျယ်အဝန်းကို ဘယ်အဖွဲ့ ကနေ တွက်ချက်တိုင်းတာပေးထားတာပါလဲ။
ဖြေ။ ။ ကျွန်တော်တို့ ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဇုန် အကျယ်အဝန်းကို Geographic Information Systems (GIS) အဖွဲ့ကနေ တွက်ချက်တိုင်းတာပေးထားတာ ဖြစ်ပါတယ်။ အဲဒီမှာတော့ စုစုပေါင်းအကျယ်အဝန်း ဇုန်ဧရိယာကို ဧကနဲ့ပြောရင် စုစုပေါင်း ဇုန်ဧရိယာ ၅၆၃၆၄ ဒသမ ၃၅ ဧကရှိပြီး ဟက်တာနဲ့ ပြောရင်တော့ စုစုပေါင်း ၂၂၈၀၉ ဒသမ ၈၅ ဟက်တာ ကျယ်ဝန်းပါတယ်။
MDN