ပုဂံ ၇ နိုဝင်ဘာ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း၌ ယခုနှစ်သီတင်းကျွတ်ကာလမှ စတင်၍ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ ဝင်ရောက်လေ့လာလျက်ရှိသလို ပြည်တွင်းမှ ဘုရားဖူးဧည့်သည်များလည်း ဘုရားဖူး လာရောက်လျက်ရှိကြောင်း သိရသည်။
ပုဂံဒေသရောက် နိုင်ငံခြားသား ခရီးသွားများနှင့် ပြည်သူများမှာ ပုဂံဒေသရှိ ရှေးဟောင်း ဘုရားစေတီပုထိုးများ၊ ရှေးဟောင်း အမွေအနှစ်လက်ရာများ စသည့် ယဉ်ကျေးမှု လက်ရာများကို လေ့လာသကဲ့သို့ နံနက် ၆ နာရီနှင့် ညနေ ၆ နာရီအချိန်များ၌ ပုဂံမြို့ဟောင်းရှိ အနော်ရထာမင်း တည်ထားကိုးကွယ်ခဲ့သော ရွှေဆံတော် စေတီတော်ရင်ပြင်တော်ပေါ်မှ ပုဂံယဉ်ကျေးမှုဒေသရှိ ရှေးဟောင်း ဘုရားစေတီပုထိုးများနှင့် တွဲဘက်လှပနေသည့် နေထွက် နေဝင် ရှုခင်းအလှများကို မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးသူ ယခုနှစ်တွင် ပိုမိုများပြားလာလျက်ရှိကြောင်း ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရွှေဆံတော် စေတီတော်မြတ်ကြီးအား အေဒီ(၁၀၅၇)ခုနှစ်တွင် အနော်ရထာမင်းကြီး တည်ထားကိုးကွယ်ခဲ့သည် ရွှေဆံတော်စေတီတော်တွင် မဟာပိနွဲ့နတ်ရုပ်များ ပြုလုပ်ထား၍ မဟာပိနွဲ့ဘုရားဟုလည်း ဒေသခံများက ခေါ်ဆိုတတ်ကြသည်။ အဆိုပါစေတီတော် ပစ္စယံ အထက်ငါးဆင့် ရင်ပြင်တော်ပေါ်သို့ နိုင်ငံခြားသား ခရီးသွားများ၊ ဘုရားဖူးပြည်သူများ တက်ရောက်၍ ပုဂံဒေသ၏ အလှအပရှုခင်းများကို ဓာတ်ပုံရိုက်ကူးကြခြင်း ဖြစ်သည်။
“ကျွန်တော်တို့က အမေရိကန်နိုင်ငံကပါ မြန်မာနိုင်ငံကို ဒီအခေါက်နဲ့ဆို (၁၀)ခေါက်ရှိပါပြီ၊ မြန်မာပြည်ရောက်တာနဲ့ ရှေးဟောင်း ယဉ်ကျေးမှု လက်ရာတွေ ပေါများတဲ့ ပုဂံကို ပထမဆုံး လာရောက်လေ့လာပြီးမှ ကျန်ဒေသများကို ခရီးဆက်တာပါ၊ ပုဂံရောက် တာနဲ့ တစ်နေ့လုံး လေ့လာကြပြီး နံနက်အစောပိုင်းနဲ့ ညနေ နေဝင်ချိန်တွေမှာ ဒီဘုရားပေါ်မှာ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးတတ်ကြပါတယ်၊ ဒီဘုရားအပေါ်ဆုံး ရင်ပြင်တော်ပေါ်ကနေကြည့်ရင် ပုဂံဒေသရှိ ဘုရားပုထိုးစေတီများ၊ ရှုခင်း အလှအပများကို ရှင်းလင်းစွာ မှတ်တမ်းတင်ရိုက်ကူးလို့ရပါတယ်၊ ကျွန်တော်တို့ နိုင်ငံရောက်တာနဲ့ ဆွေမျိုးများက ပထမဆုံး မြန်မာနိုင်ငံရှိ ပုဂံမှာရိုက်ကူးလာတဲ့ ဓာတ်ပုံတွေကို ယူကြည့်တတ်ကြပါတယ်၊ ဒါကြောင့် ဒီဘုရားစေတီပေါ်ကနေ ဓာတ်ပုံ ရိုက်ရတာ ပျော်ရွှင်မိပါတယ်”ဟု အဆိုပါစေတီပေါ်၌ မှတ်တမ်းဓာတ်ပုံ ရိုက်ကူးနေသည် အမေရိကန် နိုင်ငံခြားသားများထံမှ သိရသည်။
ကျော်ကျော်(မလိူင်)
