မန္တလေး ၁၂ ဇွန်
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဘုရား ၁၅ဆူကို အိန္ဒိယနိုင်ငံမှ ပညာရှင်များက အောက်တိုဘာလတွင် ပြုပြင်ပေးသွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်ထံမှ သိရသည်။

အိန္ဒိယနိုင်ငံမှ Archaeological Survey of India ရှေးဟောင်းသုတေသနပညာရှင်များပါဝင်သည့် အဖွဲ့သည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဘုရားအဆူ ၉၀ ပြင်ဆင်ပေးရန်အတွက် လေ့လာခြင်းကို ဇန်နဝါရီလက လာရောက်လေ့လာခဲ့ကြောင်း သိရသည်။
" အိန္ဒိယနိုင်ငံပညာရှင်တွေက ဘုရားအဆူ ၉၀ထဲကနေ ၁၅ ဆူကို အရင်ပြုပြင်ပေးသွားမယ်။ အဓိကကတော့ ပျက်ဆီးနေတဲ့အပိုင်းတွေကို ရှေးမူမပျက်ပဲ ပြုပြင်သွားမှာပါ ။ " ဟု ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောသည်။
ပုဂံဘုရားအဆူ ၉၀ ကို ပြင်ဆင်ပေးရခြင်းသည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်းက အိန္ဒိယဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်များထဲမှ ပုဂံဒေသသို့ရောက်ရှိချိန်တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ အတွင်းရှိ အာနန္ဒာဘုရားပရဝုဏ်အတွင်း ရေးထိုးခဲ့သည့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ (MoU)အရ ပြင်ဆင်ပေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအဖွဲ့သည့် ပြီးခဲ့သည့် ၂၀၁၄မှ ၂၀၁၇ခုနှစ်အတွင်းကလည်း ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ အာနန္ဒာဘုရား အပေါ်ထပ်တွင် ရေပိတ်လွှာပြုလုပ်ခြင်း၊ ပစ္စယံအပေါက်ဖာထေး ခြင်းလုပ်ငန်းများ၊ အတွင်းနံရံလိုဏ် ပတ်လမ်းရှိ ထုံးသင်္ကန်းများ ဖုံးလွှမ်းနေသည့် နံရံဆေးရေးပန်းချီများပြန် ဖော်ခြင်းများပြုလုပ်ခဲ့သည်။
ထို့ပြင် ဘုရားအပြင်ဘက်အပိုင်းနှင့် တံတိုင်းရှိ ရေညှိများချွတ်ခြင်း လုပ်ငန်းများနှင့် ဘုရားဝင်းအတွင်း ဥယျာဉ်တစ်ခု တည်ဆောက်ခြင်း လုပ်ငန်းတို့ကို အိန္ဒိယနိုင်ငံအစိုးရ အစီအစဉ်ဖြင့် လုပ်ဆောင်ပေးထားကြောင်း သိရသည်။
သူရိန်လင်း