မန္တလေး ၃၀ ဇန်နဝါရီ


ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေတစ်ခွင် ဆေးလိပ်ငွေကင်းစင် ဒေသအဖြစ် လာမည့် ဖေဖော်ဝါရီလက စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းမှ သိရသည်။

 

123


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ခွင့်ပြုချက်အရ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆေးလိပ်ကင်းစင် နယ်မြေများ ထူထောင်ရေးအတွက် ၂၀၁၅ ခုနှစ်က စတင်ခဲ့ကြပြီး ယခုနှစ်တွင် မန္တလေးတိုင်းရှိ ပုဂံရှေးဟောင်ယဉ်ကျေးမှုနယ်မြေတစ်ခွင်ကို ဆေးလိပ်ကင်းစင် ဒေသအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။


‘၂၀၁၉ ခုနှစ်အတွက် အဓိက ဦးစားပေးလုပ်ငန်းကို စဉ်းစားတဲ့အခါ တိုရစ်ဇင် ခရီးသွား ဧည့်သည်တွေ သွားလာတဲ့ နေရာတွေကို ဦးစားပေးပြီး ဆေးလိပ်ငွေ့ကင်းစင် ဒေသဆိုပြီး မျှော်မှန်းချက်ထားပြီး ဆောင်ရွက်ပါတယ်။ ဒီနှစ်မန္တလေးတိုင်းမှာဆိုရင် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေတခွင် ဆေးလိပ်ငွေ့ကင်းစင်ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ကျွန်တော်တို့ ဒီနှစ်ထဲမှာစတင်ပါမယ်’ ဟု ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌ ဦးသိန်းဆွေက ပြောသည်။


ပုဂံဒေသရှိ ဝန်းခြံခတ်ထားသည့် ဘုရားစေတီ ၁၇ ဆူ၊ လူစည်ကားရာ ရှေးဟောင်းဘုရား၊ စေတီများတွင် ဆေးလိပ်ငွေ့ကင်းစင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ ပြည်တွင်းပြည်ပ ဧည့်သည့်များ အများဆုံးသွားလာသည့်နေရာများဖြစ်သည့် ဟိုတယ်၊ တည်းခိုခန်း၊ စားသောက်ဆိုင်၊ ရုံးဌာနများ စသည့်နေရာများတွ ဆေးလိပ်ကင်းစင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။


‘ပုဂံဒေသယဉ်ကျေးမှု တစ်ခွင်ဆိုပြီး ခေါင်းစဉ်တပ်ထားတယ်။ ဒါတင် လုပ်လို့မရဘူး။ တည်းတဲ့ဟိုတယ်တွေကို သူတို့သုံးတဲ့ယာဉ်၊ မော်တော်ကားတွေ၊ စားသောက်တဲ့ဆိုင်တွေ၊ ရုံးဌာနတွေ ကင်းစင်ရမယ်’ ဟု ဒေါက်တာ သိန်းဆွေက ပြောသည်။


ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေတစ်ခွင် ဆေးလိပ်ကင်းစင်ရေးအတွက် ဖေဖော်ဝါရီလမှ စတင်ကာ ခြောက်လအတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 


ဆေးလိပ်နှင့်ဆေးရွက်ကြီးကို ကိုယ်တိုင်သုံးစွဲမှုကြောင့် ရောဂါများ ရရှိခံစားစေနိုင်သလို ၎င်းတို့၏ အငွေ့ကို ရှုရှိုက်ရသော အနီးပတ်ဝန်းကျင်ရှိ ဆေးလိပ်မသောက်သူများ၊ ကိုယ်ဝန်ဆောင် မိခင်များ၊ ကလေးနှင့် သက်ကြီးရွယ်အိုတို့သည်လည်း ဆေးလိပ်သောက်သူများကဲ့သို့ ရောဂါများ ရရှိနိုင်သည်။ 


ဆေးလိပ်တွင် လူကို အန္တရာယ်ပြုနိုင်သည့် ဓါတုပစ္စည်း အမျိုးပေါင်း ၇၀ဝ ကျော်ပါဝင်သည်။  မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများကို သုံးစွဲမှုကြောင့် နှစ်စဉ်လူပေါင်း ၆ သိန်းကျော် သေဆုံးနေကြောင်း သိရသည်။

အရှေ့တောင်အာရှ ဆေးလိပ်နှင့်ဆေးရွက်ကြီး ထိန်းချုပ်ရေး မဟာမိတ်အဖွဲ့ ၏  အထောက်အပံ့ဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်း တို့ပူးပေါင်းပြီး ဆေးလိပ်ကင်းစင်နယ်မြေများထူထောင်ရေး ဆောင်ရွက်ခဲ့ကြသည်။ ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ဆေးလိပ်ကင်းစင်နယ်မြေအဖြစ် ရှမ်းပြည်နယ်၊ မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ ရန်ကုန်၊ ကရင်၊ ဧရာဝတီ၊ ပဲခူး၊ မွန် စသည့် တိုင်းဒေသကြီး၊ ပြည်နယ် ၉ ခုတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 


အိမို့မို့ခိုင်