ညောင်ဦး ဇွန် ၂၅

 

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ရှေးဟောင်းအဆောက်အအုံများ၏ တံတိုင်းအတွင်း အပြင်ရေဝပ်သည့် မြေနိမ့်နေရာများ မြေတိုင်းတာရေးလုပ်ငန်း ဆောင်ရွက်နေသည့် နေရာများအား ဇွန် ၂၄ ရက် နံနက် ၉ နာရီမှစတင်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရှေးဟောင်းဘုရား၊ ပုထိုး၊ စေတီ ၁၅ ဆူအတွင်း ရေဝပ်ခြင်း၊ ရေလျှံခြင်းများ ဖြစ်ပေါ်ခဲ့သည့်နေရာများအား မြေပြင်တိုင်းတာရေးလုပ်ငန်းများအား ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)၊ သုတေသနဌာနစုမှ ဆောင်ရွက်လျက်ရှိသည့် နေရာများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှ အဖွဲ့နှစ်ဖွဲ့ခွဲ၍ ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ မြေပြင်တိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်သည့်နေရာများသို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ မြေပြင်မြေပြင်တိုင်းတာရေးအဖွဲ့နှင့်အတူ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်လမ်းဦးစီးဌာန၊ ခရိုင်သာသနာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ခရိုင်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

အဆိုပါပူးပေါင်းအဖွဲ့သည် မြေပြင်တိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အာနန္ဒာဘုရားနှင့် ဓမ္မရံကြီးဘုရားတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ အာနန္ဒာဘုရား မြေပြင်တိုင်းတာမှုအရ ဘေးပတ်ဝန်းကျင်မှရေများ ဝင်ရောက်လာခြင်းမဟုတ်ဘဲ ဘုရားပစ္စယံများတွင်ရှိသော ရေထုတ်ပြွန်များမှ ကျဆင်းသည့်ရေနှင့် မိုးရေများသာဖြစ်ကြောင်း၊ အနောက်မြောက်ထောင့်တွင် ရေစုကန်များရှိသော်လည်း ယခုအခါ ကွန်ကရစ်ခင်းများကြောင့် ရေစုပ်နိုင်မှုမရှိခြင်း၊ မဟာရံတံတိုင်းတို့တွင် ရေထွက်ပေါက်မရှိခြင်း၊ အရှေ့ဘက်ပန်းခြံပြုလုပ်ထားသော နေရာရှိ မြေသားသည် ရင်ပြင်တော်၏ ကြမ်းခင်းထက် မြင့်နေခြင်းတို့ကြောင့် ရေဝပ်ခြင်း၊ ရေလျှံခြင်းများ ဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း သိရသည်။

 

ဓမ္မရံကြီးဘုရားတွင် မြေပြင်တိုင်းတာမှုအရ ရှေးယခင်မင်းများက မဟာရံတံတိုင်းအတွင်း ဘုရား၊ ကျောင်း၊ ကန်တို့ကို အတူယှဉ်တွဲတည်ဆောက်ခဲ့ကြသည်ကို ဓမ္မရံကြီးဘုရားတွင် တွေ့နိုင်ပြီး ဘုရားအနောက်တောင်ထောင့်မှ ရေများသည် အနောက်ဘက်ဝင်ပေါက်မှတစ်ဆင့် အပြင်သို့ စီးဆင်းခြင်း၊ အနောက်မြောက်ထောင့်တွင် အုတ်ကျောင်းတိုက်ရှိသည့်အတွက် မြေပြင် အနေအထားမှာ မြင့်မောက်နေခြင်း၊ ၎င်းမှ စီးဆင်းလာသောရေများသည် အရှေ့မြောက်ထောင့်ရှိ မူလ ရေကန်အတွင်းသို့ စီးဝင်ခြင်း၊ အဆိုပါ မူလရေကန်မှ လျှံထွက်လာသော ရေများသည် အရှေ့တောင်ထောင့်တွင် စုပုံနေပြီး အရှေ့ဘက်နှင့် တောင်ဘက် မဟာရံတံတိုင်းအောက်ခြေမှတစ်ဆင့် အပြင်သို့ စိမ့်ထွက်နေခြင်း၊ ဘုရားအတွင်းတွင် မြေစာပုံများ ရှိနေခြင်း၊ မဟာရံတံတိုင်း မူလရေထွက်ပေါက်များ မရှိခြင်းတို့ကြောင့် ရေဝပ်ခြင်း၊ ရေလျှံခြင်းများ ဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း တာဝန်ရှိသူများမှ ရှင်းပြသည်။

 

အာနန္ဒာဘုရားနှင့် ဓမ္မရံကြီးဘုရားတို့တွင် ရေဝပ်ခြင်း၊ ရေလျှံခြင်းများ ထမ်မံမဖြစ်ပေါ်စေရေး ဆောင်ရွက်သင့်သည့် အစီအမံများ၊ မြေပြင်အခြေအနေအရ မြေနိမ့်နေမှုများကို ပြုပြင်နိုင်ရေးအတွက်  ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ်ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း သိရသည်။

 

ဒီပါလင်း