ညောင်ဦး ဇူလိုင် ၁၃
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရှေးဟောင်းစေတီ၊ ပုထိုး၊ ဂူဘုရား၊ သာသနိက အဆောက်အအုံများ အနီးတစ်ဝိုက်နှင့် နယ်မြေအတွင်း ရေစီးရေလာကောင်းမွန်စေရေး မြေပြင်တိုင်းတာခြင်း ဆောင်ရွက်ထားသည့် ရှေးဟောင်းအဆောက်အအုံများအတွင်း ဆောင်ရွက်လျက်/ဆောင်ရွက်ဆဲနေရာများ ကွင်းဆင်းစစ်ဆေးခြင်းကို ဇူလိုင် ၁၃ ရက် နံနက်ပိုင်းမှစတင်ကာ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမင်းဆွေနှင့်ဝန်ထမ်းများ၊ ညောင်ဦးခရိုင် သာသနာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေလင်းသိန်းနှင့်ဝန်ထမ်းများ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပါဝင်သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ထီးလိုမင်းလိုဘုရားကြီးဝင်းအတွင်း ဈေးဆိုင်ခန်းများ စနစ်တကျဖျက်သိမ်းကာ ဘုရားကြီးအပြင်ဘက်တွင် ဆိုင်ခန်းများဆောက်လုပ်ထားမှု၊ ဘုရားကြီးဝင်းအတွင်း ရေဝပ်နေရာများနှင့် ဘုရားကြီးနှင့် အုတ်တံတိုင်းများနှင့် မလွတ်ကင်းသည့် သစ်ပင်ကြီးများ အန္တရာယ်ရှင်းလင်းခုတ်သင့်သည့်သစ်ပင်ကြီးများ ခုတ်လှဲ ရှင်းလင်းနိုင်ရေး၊ ရွှေနန်းရင်တော ဘုန်းတော်ကြီးအုတ်ကျောင်းတိုက်များ အစုအဝေးအတွင်း မြေပြင်ကွင်းဆင်း သုတေသန ပြုချက်အရ ညွှန်လက်ဖက်ကန်၊ ရွှေနန်းရင် တောကန်နှင့် ထိန်ကန်တို့မှလျှံကျလာသော ရေများကြောင့် ရွှေနန်းရင်တော အုတ်ကျောင်းတိုက် အစုအဝေးအနီး ရေဝပ်/ရေလျှံခြင်းများ မဖြစ်ပေါ်စေရေး ကြည့်ရှုစစ်ဆေးခြင်း၊ ပုဂံမျှော်ဘုရား ပရိဝုဏ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းချိန်တိုင်း ရေဝင်ရောက်မှုများကို မြောင်းစနစ် အဆင့်မြှင့်တင် ဖောက်လုပ်နိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်း၊ ရွာဟောင်းကြီးဘုရားဝင်းအတွင်း ကြည့်ရှုစစ်ဆေးခြင်းနှင့် စူဠာမဏိဘုရားကြီး ရေဝင်၊ ရေထွက်ပေါက်များ မိုးရွာသွန်းမှုများချိန် ဘုရားကြီးအတွင်း ရေများဝင်ရောက်မှု၊ ရေထွက်ပေါက်များ ပြန်လည်အဆင့်မြှင့်တင် ဖောက်လုပ်နိုင်ရေး ဆောင်ရွက်ထားရှိမှု၊ စူဠာမဏိဘုရားမြောက်ဘက် ဦးကျည်ပွေ့ကန်မှ ရေထွက်ပေါက်များ၊ ရှိရင်းရေထွက်ပေါက်များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဒီပါလင်း