ညောင်ဦး မတ် ၁၅
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၊ ကမ္ဘာ့အမွေအနှစ်ဒေသရှိ ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ကွင်းဆင်း စစ်ဆေးခြင်းကို မတ်လ ၁၄ ရက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရှေးဟောင်းအဆောက်အအုံများအား ကြိုတင်ကာကွယ် သည့်အနေဖြင့် သစ်ငုတ်များတူးဖော်ခြင်း၊ အုတ်အစားဖြည့်ခြင်း၊ အနားသတ်ကြားသိပ်ခြင်း၊ နံရံပန်းချီနှင့် အင်္ဂတေသန့်စင်ခြင်းစသည့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို ဘုရားအမှတ် (၅၈၈)၊ (၆၅၈)၊ (၅၃၇)၊ (၄၄၉)၊ (၇၉၈)နှင့် (၈၀၁) တို့တွင်ဆောင်ရွက်လျက်ရှိရာ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှ တာဝန်ရှိသူများက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့နောက်တွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ (ပုဂံရုံးခွဲ)မှ ဦးညီမွန်း (ဒုတိယညွှန်ကြားရေးမှူး)နှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည့် အင်ဂျင်နီယာ တို့က မဆောင်ရွက်မီမှတ်တမ်းဓာတ်ပုံများ၊ ဆောင်ရွက်ဆဲမှတ်တမ်းပုံများ၊ ဆောင်ရွက်ပြီး မှတ်တမ်း ဓာတ်ပုံများဖြင့် ရှင်းလင်းပြသပေးခဲ့ကြောင်း သိရသည်။
ဒီပါလင်း