ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ သင်္ကြန်ကာလရုံးပိတ်ရက်အတွင်း တစ်ရက်လျှင် ရှစ်သောင်းကျော် လာရောက်ဖူးမြော်လျက်ရှိ

ညောင်ဦး ဧပြီ ၁၂

 

ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ မြန်မာပြည်ရပ်ရပ်မှ ဘုရားဖူးလာရောက်ကြရာ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သမိုင်းအထင်ကရဘုရားများတွင် သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ဘုရားဖူးလာရောက်သူ တစ်ရက်လျှင် ရှစ်သောင်းကျော် လာရောက်ဖူးမြော်လျက်ရှိကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလာရောက်သည့် ဘုရားဖူးဧည့်သည်များ စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်ရန် ရွှေစည်းခုံဘုရား၊ အာနန္ဒာဘုရား၊ လောကနန္ဒာဘုရား၊ ဗူးဘုရားနှင့် မဟာငှက်ပစ်တောင်ဘုရားတို့ကို နံနက် ၄ နာရီခွဲမှ ည ၈ နာရီအထိ ဖွင့်လှစ်ဖူးမြော်စေလျက်ရှိကြောင်း၊ အဆိုပါဘုရားများအပြင် တုရင်တောင်စွယ်တော်မြတ်စေတီ၊ ကျောက်ဂူဥမင်ဘုရား၊ သဗ္ဗညုဘုရား၊ ကန်တော့ပလ္လင်ဘုရား၊ မနုဟာဘုရား၊ ရွှေဆံတော်ဘုရား၊ အလိုတော်ပြည့်ဘုရား၊ ဓမ္မရံကြီးဘုရား၊ စူဠာမဏိဘုရား၊ ဓမ္မရာဇကဘုရား၊ ပြဿကြီးဘုရား၊ မဟာဗောဓိဘုရား၊ ထီးလိုမင်းလိုဘုရား၊ မြစေတီဘုရားများတွင် ဘုရားဖူးများ စည်ကားနေပြီး သမိုင်းဝင်ဘုရားများဖြစ်သည့် နဂါးရုံဘုရား၊ စိုးမင်းကြီးဘုရား၊ စိုးမင်းကြီးအုတ်ကျောင်း၊ အပါယ်ရတနာဘုရား၊ ငကျွဲနားဋောင်းဘုရား၊ ပုထိုးသားများဘုရား၊ ခေမင်္ဂဘုရားဝင်း၊ ရင်မနားဘုရားဝင်း၊ သိကြားပုန်းဘုရား၊ သိကြားဟစ်ဘုရား၊ တာမဏီသိမ်းကျောင်း၊ မင်းနန်းသူဘုရားသုံးဆူ၊ တရုတ်ပြေးဘုရားခေါ် နရသီဟပတေ့ဘုရား၊ သံမ္ဘူလဘုရား၊ သစ္စာဝတီဘုရား၊ အနုမြူကပ်ကျော်ဘုရား၊ မျက်တော်ပြေဘုရား၊ အင်ကြင်းဂူဘုရား၊ ဗူးလည်သီးဘုရား၊ ရွာဟောင်းကြီးဘုရား၊ ဝတ္တနထောဘုရားဝင်း၊ ဆူးလေကုန်းဘုရားစု၊ ရှင်အဇ္ဇဂေါနဘုရား၊ ဂူနီဘုရားခေါ် ကူးနီးဘုရား၊ ခြောက်ဘုရားလှ ဘုရားများတွင်လည်း ဘုရားဖူးလာရောက်သူများက ရှေးဟောင်းနံရံဆေးရေးပန်းချီများ၊ ကနုတ်ပန်း၊ ကျောက်ဆစ်ပန်း၊ အင်္ဂတေများအား စိတ်ဝင်တစား လေ့လာမှုများပြားလာခဲ့ကြောင်း သိရပြီး ယခုရက်ပိုင်းတွင် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလာရောက်သူ များပြားလျက်ရှိကြောင်း သိရသည်။

 

ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လေကြောင်းခရီးဖြင့် လာရောက်ကြခြင်း၊ ကိုယ်ပိုင်ကားများ၊ ခရီးသွားလုပ်ငန်းကားများဖြင့် လာရောက်ကြကာ သင်္ကြန်အကြိုကာလအတွင်း ခရီးသွားဘုရားဖူးဧည့်သည် အဝင်များလျက်ရှိပြီး အီးဗိုက်၊ မြင်းလှည်၊ တုတ်တုတ် (ခေါ်) မီနီအိုဝေများ၊ တိုးကားများ အငှားလိုက်ရပြီး ဝင်ငွေကောင်းနေကြကာ စားသောက်ဆိုင်များလည်း ဘုရားဖူးများခြင်းကြောင့် ရောင်းအားကောင်းနေကြကြောင်း သိရသည်။

 

ဒီပါလင်း