မန္တလေး ၂၉ မေ

ပုဂံရှိ ဘုရားသုံးဆူဘုရား၏ မြေအောက်အနေအထားကို ရေဒါဖြင့်တိုင်းတာခြင်းလုပ်ငန်းများကို ကိုရီးယားနိုင်ငံမှ ပညာရှင်များက မေလ ၂၂ ရက်စတင်ကာ ၃၁ ရက်နေ့အထိ ပြုလုပ်သားမည် ဖြစ်ကြောင်း ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)ထံမှ သိရသည်။

အဆိုပါ ဘုရားသုံးဆူအနီး ပတ်ဝန်းကျင်ကို စမ်းသပ်နေရာ (၄) နေရာ သတ်မှတ်ပြုလုပ်နေပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ပူးပေါင်းအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကိုရီးယားနိုင်ငံ Korea Cultural Heritage Foundation (KCHF) က ပြုလုပ်နေခြင်းဖြစ်ကြောင်းသိရသည်။

"ရေဒါတိုင်းတာခြင်းက မြေသားရဲ့ ငလျင်ဒဏ်ခံနိုင်မှု အခြေအနေ၊ မြေသားရဲ့ သဲဆန်မှု၊ ပျော့ပျောင်းမှု၊ မာကျောမှု အခြေအနေ၊ အဆောက်အအုံအနီး ပတ်ဝန်းကျင်တွင် မြေအောက်ရေတည်ရှိမှု အခြေအနေတွေကို သိရှိနိုင်တယ်။" ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) ညွန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောသည်။

အဆိုပါ လေ့လာမှုများ ပြီးစီးပါက ဘုရားသုံးဆူဘုရားပြင်ဆင်နိုင်ရန်အတွက် မြန်မာ-ကိုရီယား နှစ်နိုင်ငံ သဘောတူစာချုပ်ချုပ်ဆိုခြင်းကို ပြုလုပ်သွားမည်ဖြစ်ပြီး ပြင်ဆင်မှုအပိုင်းများ၏ ကုန်ကျစရိတ်ကို ကိုရီးယားနိုင်ငံမှ အကုန်ကျခံပေးမည်ဖြစ်ကြောင်း သိရသည်။

KCHF သည် ပုဂံဒေသ မင်းနန်သူကျေးရွာရှိ ဘုရားသုံးဆူဘုရားအမှတ် ၄၇၇၊ ၄၇၈၊ ၄၇၉ တို့တွင် နံရံပန်းချီပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းကို ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ပြုလုပ်မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။

ယင်း ဘုရားသုံးဆူသည် မင်းနန်သူကျေးရွာအနီးတွင် တည်ရှိပြီး ၂၀၁၆ ခုနှစ် သြဂုတ်လအတွင်းက လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ဘုရားကိုယ်ထည်များ၊ ဆေးရေးပန်းချီများ ပျက်စီးခဲ့ကြောင်း သိရသည်။ 
 
သူရိန်လင်း

 

mdn