ပုဂံ ၁၀ ဇွန်

 

ပုဂံမြို့ဟောင်း တောင်ဖီကျေးရွာအုပ်စု ရွှေစံတော်ဘုရားမြောက်ဘက် လောကထိပ်ပန်ဘုရား (ဘုရားအမှတ် ၁၅၈၀) အတွင်းရှိ သံပန်းအား ကာထား သည့် ယင်းလိပ်ကို ယမန်နေ့နံနက် ၈ နာရီခန့်က မီးရှို့ခံရကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှ သိရသည်။

 

လောကထိပ်ပန်ဘုရားတွင် ပုဂံခေတ်ဦးပိုင်းလက်ရာ နံရံဆေးရေးပန်းချီများ ထိခိုက်ပျက်စီးမှု မရှိအောင် သံတံခါးတပ်၍ ယင်းလိပ်ကာထားခြင်းဖြစ်ကြောင်း၊ ယခုမီးရှို့မှုကြောင့် ယင်းလိပ်အမြင့် နှစ်ပေ၊ အလျား ‌လေးလက်မခန့် ပျက်စီးခဲ့ ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က ပြောကြားသည်။

 

မီးရှို့ခံရသော လောကထိပ်ပန်ဘုရား (ဘုရားအမှတ် ၁၅၈၀) သည် အေဒီ (၁၂) ရာစုက တည်ထားခဲ့ပြီး ဗုဒ္ဓဝင်ခန်းများနှင့် ဇာတ်ကြီးဆယ်ဘွဲ့ပန်းချီပါ အကြောင်းအရာများကို မွန်၊ မြန်မာ နှစ်ဘာသာဖြင့် ကမ္ပည်းစာရေးထိုးထားသည့် ကွမ်းတောင်ပေါက်လိုဏ် တစ်ဆင့်ဂူဘုရားတစ်ဆူဖြစ်ကြောင်း သိရသည်။

 

ဖေလိန်း (ပုဂံ)