ညောင်ဦး   ၂၆  မေ

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ပုဂံညောင်ဦးမြို့၌ ပုဂံခေတ်ကတည်းကပင်ရှိသော သဘာဝ သောက်ရေကန် (မနူကန် မရွှဲကန်)တွင် ယခုနှစ်၌ မိုးနည်းပါး၍ ကန်ထဲသို့ ရေဝင်ခြင်းမရှိသဖြင့် တိရစ္ဆာန်များ(ကျွဲ၊ နွား၊ ဆိတ်၊ ကျေးငှက်၊ ရှဉ့်ငယ်) များ သောက်သုံးနိုင်ရေး အလှူရှင်များမှ ရေများ လောင်းလှူ ကုသိုလ်ယူကြကြောင်း သိရသည်။

 

အဆိုပါ မနူကန် မရွှဲကန်သည် ရှေးပုဂံခေတ်က ရှေးဟောင်းရေကန်ကြီးဖြစ်ပြီး ပုဂံမြို့ဟောင်း ဓမ္မရံကြီးဘုရားအနီး အင်းဘုရားနှင့် ပေါ်တော်မှုဘုရားအနီးတွင် တည်ရှိသည်။ နှစ်စဉ် သဘာဝမိုးရေ ဖြင့် ကျေးငှက်တိရစ္ဆာန်များ နှစ်ပတ်လည်သောက်သုံးနိုင်သော်လည်း ယခုနှစ်တွင် မိုးနည်းပါးမှုကြောင့် ရေများခမ်းခြောက်ပြီး ရေကန်ထဲတွင် ရေလုံးဝမရှိသဖြင့် တိရစ္ဆာန်များ ရေသောက်သုံးလို့ မရကြောင်း သိရသည်။

 

ရှေးဟောင်းအစဉ်အလာ ယုံကြည်မှုမှာ ဤရေကန်ကြီးအား ပြုပြင်ထိန်းသိမ်းသူများကို ဘေးဆိုး ကပ်ဆိုးများမှ ကင်းဝေးစေရန် အဓိဌာန်ဖြင့် တူးဖော်ခဲ့ခြင်း ဖြစ်ကြောင်း၊ ပုဂံမြို့ ဇော် ပို့ဆောင်ရေး မိသားစုနှင့် အနယ်နယ်အရပ်ရပ်ရှိ ကုသိုလ်ရှင်များ၏ လှူဒါန်းမှုဖြင့် ယခုနှစ်တွင် ကန်အတွင်းသို့ ယနေ့အထိ ရေဂါလန်ပေါင်း  ၂၈၈၀ဝ   လောင်းလှူပြီးဖြစ်ကြောင်းနှင့် နိုင်ငံတစ်ဝန်းရှိ ပြည်သူများအနေဖြင့် ရေကုသိုလ်ပြုလိုပါက ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း ဇော်ပို့ဆောင်ရေးမှ ဦးဇော်ဝိတ်က ပြောပြ၍ သိရသည်။         

 

ကျော်မင်းဦး(ရေနံချောင်း)