ညောင်ဦး ၃၁ ဇန်နဝါရီ
ရှေးဟောင်းသုတေသနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ယဉ်ကျေးမှုနယ်မြေ လုံခြုံရေး ဌာနစိတ်မှ ကြီးကြပ်၍ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဘုရား၊ စေတီ၊ ပုထိုး၊ အုတ် ကျောင်းစသည်တို့အား ၂၀၁၉ ခုနှစ် ဇန်နဝါရီ ပထမပတ်မှစ၍ Area-A, Area-B, Area-C, Area-D အပိုင်းလေးပိုင်းသတ်မှတ်ပြီး သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ယင်းသို့ဆောင်ရွက်ရာတွင် Area-C အတွင်းရှိဘုရား (၆၃၇) ဆူခန့်ကို (၁/၂၀၁၉) မှ (၃/၂၀၁၉) အထိ သုံးလ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ Area – A အတွင်းရှိ ဘုရား (၃၈၇) ဆူခန့်ကို (၆/၂၀၁၉) မှ (၈/၂၀၁၉) အထိ သုံးလသန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့် Area-B အတွင်းရှိ ဘုရားအဆူ (၄၂၀)ခန့်ကို (၉/၂၀၁၉)လမှ (၁၁/၂၀၁၉)လအထိ သန့်ရှင်းရေး သုံးလဆောင်ရွက်ခဲ့သည့် အခြေအနေများကို သန့်ရှင်းရေးပေါင်းစပ်ညှိနှိုင်းရေး ကော်မတီမှကွင်းဆင်း စိစစ်ရေးအဖွဲ့များ ဖွဲ့စည်း၍ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ထိန်းသိမ်းရေးဌာနစုမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးစိုးလင်းထံက သိရသည်။
ယခုအခါ Area-D အတွင်းရှိ ဘုရား (၁၃၇၂) ဆူကို ပထမဦးစားပေး ( Area-D1) တွင် ဘုရား (၄၅၄) ဆူနှင့် ဒုတိယဦးစားပေး (Area-D2) တွင် ဘုရား (၉၁၈) ဆူခန့်အနက်မှ ပထမဦးစားပေးဖြစ်သော (Area-D1) ဧရိယာအတွင်းရှိ ဘုရား (၄၅၄) ဆူကို (၁၂/၂၀၁၉) လမှ (၂/၂၀၂၀) လအထိ သုံးလ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယညွှန်ကြားရေးမှူး ဦးစိုးစိုးလင်းထံမှ သိရသည်။
အဆိုပါဘုရား (၄၅၄) ဆူ၏ သန့်ရှင်းရေးဆောင်ရွက်ခြင်း လုပ်ငန်းများကို ၂၄.၁၂.၂၀၁၉ ရက်မှစ၍ ဘုရားများအပေါ်ပိုင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဘုရားအတွင်းရှိ ဆင်းတုတော်များ၊ ပတ်လမ်းများကို သန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့် ရင်ပြင်တော်မှ ပေနှစ်ဆယ်အကွာ အောက်ခြေပတ်ပတ်လည် ပေါင်းမြက်ခြုံနွယ်များကို ရှင်းလင်း၍ သန့်ရှင်းသာယာလှပရေး လုပ်ငန်းများအား ၂၄.၁၂.၂၀၁၉ ရက်မှစတင် ဆောင်ရွက်ခဲ့ရာ ယနေ့အထိ (၁၄၆) ဆူ ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ဆောင်ရွက်ရန် ကျန်ရှိနေသော ဘုရား၊ စေတီ၊ ပုထိုး၊ အုတ်ကျောင်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ရှေးဟောင်းသုတေသနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ထိန်းသိမ်းရေးဌာနစုမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးစိုးလင်းကရှင်းပြ၍ သိရသည်။
မောင်မောင်ထိန်၊ကျောက်ပန်းတောင်း