ပုဂံ ၂ ဖေဖော်ဝါရီ
(၁၅)ကြိမ်မြောက် ယွန်းအတတ်ပညာဒီပလိုမာအပ်နှင်းပွဲကို မန္တလေးတိုင်းဒေသကြီး၊ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ ယွန်းပညာကောလိပ်(ပုဂံ)၊ အစည်းအဝေးခန်းမတွင် ဖေဖော်ဝါရီ ၁ ရက် နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ် ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခွန်အေးနိုင်က ထူးချွန်ဆုရ ကျောင်းသား/ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်သည်။
ထို့နောက် ယွန်းပညာကောလိပ်(ပုဂံ)မှ ကျောင်းအုပ်ကြီး ဒေါ်နီလာမြင့်က ယွန်းအတတ်ပညာ ဒီပလိုမာ (၂)နှစ်သင်တန်း အောင်မြင်ကြသူများအား ဒီပလိုမာအောင်လက်မှတ်များကိုလည်းကောင်း၊ ဒုတိယကျောင်းအုပ်ကြီး ဒေါ်စုစုခိုင်က ယွန်းအတတ်ပညာဒီပလိုမာ (၁)နှစ်အထူးသင်တန်းနှင့် အထက်တန်း ယွန်းပညာ(၂)နှစ်သင်တန်း အောင်မြင်ပြီးစီးကြသူများအား သင်တန်းဆင်း အောင်လက်မှတ်များကို လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ ယွန်းပညာကောလိပ်(ပုဂံ)မှ ကျောင်းအုပ်ကြီးဒေါ်နီလာမြင့်က ဒီပလိုမာရရှိကြသည့် ကျောင်းသား/ကျောင်းသူများအား ဒီပလိုမာမိန့်ခွန်းပြောကြားပြီး တက်ရောက်လာကြသူများက ဒီပလိုမာရ ကျောင်းသား/ကျောင်းသူများ၏ ယွန်းပညာလက်ရာပြခန်းများအား ကြည့်ရှုအားပေးကြသည်။
အဆိုပါ (၁၅)ကြိမ်မြောက် ဒီပလိုမာအပ်နှင်းပွဲတွင် ယွန်းပညာ(၁)နှစ်အထူးသင်တန်းသား (၆)ဦး၊ (၂)နှစ်သင်တန်းသား (၉၅)ဦးနှင့် အထက်တန်းယွန်းပညာ (၂)နှစ်သင်တန်းသား (၁)ဦး စုစုပေါင်း (၁၀၂)ဦးအား ဒီပလိုမာနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
အခမ်းအနားသို့ ညောင်ဦးမြို့၊ မဲဆန္ဒနယ်အမှတ်(၁)၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်၊ မဲဆန္ဒနယ်အမှတ်(၂)၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိန်၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခွန်အေးနိုင်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ယွန်းပညာကောလိပ်(ပုဂံ)မှ ဆရာ/ဆရာမများ၊ ဒီပလိုမာရ ကျောင်းသား/ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသော ယွန်းလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မောင်မောင်ထိန်(ကျောက်ပန်းတောင်း)