ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်လိုက်ပြီ

mdn

သတင်းဆောင်းပါး - ကောင်းမွန်

 

နိဒါန်း

 

မြန်မာနိုင်ငံ တစ်နံတစ်လျား၌ ပေါကြွယ်ဝလှသည့်ယဉ်ကျေးမှုအမွေအနှစ်များနှင့် သဘာဝအမွေ အနှစ်များကို တွေ့မြင်ကြရမည်ဖြစ်သည်။ ခေတ်အဆက်ဆက်သမိုင်းကြောင်းတစ်လျှောက် ဘိုးဘွားတို့ တည်ထောင်ခဲ့သည့် စေတီပုထိုး သာသနိကအဆောက်အအုံများ၊ နန်းတော်ဟောင်းများ၊ မြို့တော်ဟောင်းများ၊ လူမှုရေး အဆောက် အအုံများစသည့် ယဉ်ကျေးမှုအမွေအနှစ်များကို နေရာအနှံ့ တွေ့မြင်နိုင်ပါသည်။ ယင်းတို့အနက်ပုဂံဒေသ၊ ပျူဒေသများနှင့် မြောက်ဦးဒေသတို့သည်ယဉ်ကျေးမှုအမွေအနှစ်များနှင့် ပြည့်စုံသည့် ဒေသများပင် ဖြစ်ကြ သည်။

 

ပုဂံနှင့် တုနှိုင်းမဲ့တန်ဖိုး

 

ပုဂံသည် မြန်မာနိုင်ငံအလယ်ပိုင်း ဧရာဝတီမြစ်အရှေ့ဘက်ကမ်း၌ တည်ရှိပြီး စေတီပုထိုးများစွာ၊ သမိုင်းဝင် အမွေအနှစ်များစွာ တည်ရှိသည့် ဒေသတစ်ခုဖြစ်သည်။ ပုဂံသည် ပထမမြန်မာနိုင်ငံတော်အဖြစ် စတင် ထူထောင်ခဲ့သည့် ပုဂံခေတ်တွင် ဗုဒ္ဓဘာသာဝင်တို့၏ အကြီးမားဆုံးအင်ပါယာတစ်ခုဖြစ်ခဲ့ပြီး အခြားဒေသ များနှင့် စီးပွားရေး၊ လူမှုနိုင်ငံရေးနှင့် ယဉ်ကျေးမှုတို့ဖလှယ်ရာ အဓိကဒေသတစ်ခု ဖြစ်ခဲ့ပါသည်။ ခရစ်နှစ် (၁၁)ရာစုမှ (၁၃)ရာစု ပုဂံခေတ်အတွင်း ယင်းဒေသသည်ဘာသာရေးဆိုင်ရာ အဓိကကျသည့် နေရာ တစ်ခုဖြစ်ခဲ့ပါသည်။

 

ထေရဝါဒဗုဒ္ဓဘာသာဝင်တို့၏ ဓလေ့တစ်ခုဖြစ်သည့် ကုသိုလ်ကောင်းမှုပြုလုပ်ခြင်းသည် ပုဂံခေတ် တည်ထောင်ရာတွင် အကြီးမားဆုံးအင်အားတစ်ခုဖြစ်ခဲ့ပါသည်။ ပုဂံခေတ်တွင် ထက်သန်လှသည့် သဒ္ဒါ တရားကို အခြေခံလျက် ကုသိုလ်ကောင်းမှုပြုလုပ်ခြင်း ဓလေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာတို့၏ ယဉ်ကျေးမှုနှင့် ပေါင်းစည်းမိပြီး ယနေ့ခေတ် ဗုဒ္ဓဘာသာဝင် မြန်မာတို့၏ အဓိကဓလေ့တစ်ရပ်အဖြစ် ဆက်လက်တည်ရှိဆဲ ဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင် မြန်မာတို့ ကုသိုလ်ကောင်းမှုပြုလုပ်ရာတွင် သံဃာတော်များအား လှူဒါန်းခြင်း၊ ပွဲတော်များ၊ အခမ်းအနားများကို ရိုးရာဓလေ့နှင့်အညီကျင်းပခြင်း၊ စေတီပုထိုးစသည့် သာသနိကအဆောက် အအုံများ ဆောက်လုပ်လှူဒါန်းခြင်း၊ ပြင်ဆင်ခြင်းနှင့် ပြန်လည်ထိန်းသိမ်းခြင်းလုပ်ငန်းများ ပါဝင်ကြပါသည်။

 

ပုဂံခေတ်တွင် ဗုဒ္ဓဘာသာဝင်တို့၏ ကိုးကွယ်ယုံကြည်မှု ထွန်းကားခဲ့ရာ ထေရဝါဒဗုဒ္ဓဘာသာသည် ပြောင်းလဲခဲ့သည့် ခေတ်အလိုက် လူမျိုးတစ်မျိုး၏ ဘာသာတရား၊ တရားဥပဒေနှင့် အုပ်ချုပ်မှုပုံစံများက ဆက်လက်ထိန်းသိမ်းခဲ့ကြပါသည်။ ပုဂံဒေသ၌ စေတီပုထိုးများ၊ ဘုရားကျောင်းကန်များ၊ ဘုန်းကြီး ကျောင်းများ၊ သိမ်များ၊ နန်းတော်ပရိဝုဏ်နှင့် ခံတပ်များ စသည့် သမိုင်းဝင်အထိမ်းအမှတ် အဆောက်အအုံများ၊ ရေစီမံခန့်ခွဲမှု ဆိုင်ရာအင်္ဂါရပ်များမှာ ဆက်လက်ရှင်သန်ကျန်ရှိဆဲဖြစ်ပါသည်။ ရှင်သန်နေသည့် ဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်း ယဉ်ကျေးမှုတို့သည် ပုဂံဒေသခံ လူမှုအသိုက်အဝန်း၏ နေ့စဉ်လူနေမှုဘဝတွင် ယနေ့တိုင်စိမ့်ဝင်ပျံ့နှံ့ လျက်ရှိပါသည်။

 

ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေး အတွက် နိုင်ငံတော်အစိုးရ၏ အားထုတ်ကြိုးပမ်းချက်များ

 

ပုဂံဒေသအား လွန်ခဲ့သည့်အနှစ်(၂၀)ကျော်ခန့်က ကမ္ဘာ့အမွေအနှစ်စာရင်းသွင်းရန် ကနဦး ကြိုးပမ်းခဲ့ကြ သော်လည်း အကြောင်းအမျိုးမျိုးကြောင့် စာရင်းသွင်းရေး လုပ်ငန်းမှာ ရပ်တန့်နေခဲ့သည်။ လက်ရှိအစိုးရအဖွဲ့ တာဝန်ယူပြီးနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော သမ္မတရုံး၏ လမ်းညွှန်ချက်အရ သာသနာ ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသည် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကော်မတီများကို ၂၀၁၆ ခုနှစ် မေလ ၂၆ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ်(၁/၂၀၁၆)ဖြင့် ဖွဲ့စည်းခဲ့ပါသည်။ ဆက်လက်၍ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနသည် ကမ္ဘာ့အမွေအနှစ်ဆိုင်ရာ အမျိုးသားကော်မတီကို ၂၀၁၆ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

 

အဆိုပြုစာတွဲ(မူကြမ်း) တင်သွင်းမှုလုပ်ငန်းစဉ်

 

ပုဂံဒေသအား ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း သွင်းနိုင်ရေး ဆောင်ရွက်ရာတွင် ကျယ်ဝန်းလှပသည့်ရှုခင်း၊ ဧရာဝတီမြစ်နှင့် တောင်ကုန်းလွင်ပြင်များဖြင့် ပုဂံဒေသကို အနားသတ်ထားပြီး ရှေးခေတ်ပုဂံဒေသ၏ နယ်နိမိတ်ကို ပုဂံစတင်တည်ထောင်စဉ်က ပါဝင်ခဲ့သည့်ထောင့်လေးထောင့်ရှိ စွယ်တော်စေတီ လေးဆူဖြင့် သတ်မှတ်ထားပါသည်။

 

ပုဂံဒေသအား ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း သွင်းနိုင်ရေးအတွက် ရေးသားပြုစုထားသည့် အဆိုပြု စာတွဲ(မူကြမ်း)နှင့် နောက်ဆက်တွဲများ (မူကြမ်း) တို့ကို၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့တွင် ပါရီမြို့ အခြေစိုက် ယူနက်စကိုဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးမှတစ်ဆင့် ကမ္ဘာ့အမွေအနှစ် ဗဟိုဌာနသို့ပေးပို့ခဲ့ပါသည်။ ယင်းမူကြမ်းအဆင့်၌ ရေရှည်စီမံခန့်ခွဲမှုအစီအစဉ်များကို ပေးပို့ခြင်းမရှိသေးဘဲ အဆိုပြုစာတွဲ(မူကြမ်း)အပိုင်း(၁)၊ အပိုင်း(၂)နောက်ဆက်တွဲ (မူကြမ်း)နှင့် အပိုင်း(၄) နောက်ဆက်တွဲ စုစည်း ထားသည့် မြေပုံများဟူ၍ အပိုင်းသုံးပိုင်းကိုသာ ပေးပို့ခဲ့ရပါသည်။

 

ယင်းမူကြမ်းတင်သွင်းမှုအဆင့်၌ က္ဘာ့အမွေအနှစ်ဗဟိုဌာနအနေဖြင့် မူကြမ်းများကို အကြမ်းဖျင်း ဖတ်ရှုခြင်း၊ မြေပုံများကို သတ်မှတ်ချက်ပြည့်စုံမှုနှင့် ကိုက်ညီမှု ရှိ၊ မရှိတို့ကို ဦးစားပေးစိစစ်ခြင်း ဆောင်ရွက်ပါသည်။ ပုဂံဒေသဆိုင်ရာ အဆိုပြုစာတွဲ(မူကြမ်း) တင်သွင်း ခဲ့ပြီးနောက် မူကြမ်းပါ ခေါင်းစဉ်များအတွက် ပိုမိုပြည့်စုံ တိကျသော ဖော်ပြချက်များကို အဆိုပြုစာတွဲရေးသားရေး အဖွဲ့မှ ပညာရှင်များက ၎င်းတို့တာဝန်ယူထားသည့် ကဏ္ဍအလိုက် ဆက်လက်ရေးသားခဲ့ကြပါသည်။

 

မြန်မာနိုင်ငံမှပေးပို့ထားသည့် အဆိုပြုစာတွဲများကိုကမ္ဘာ့အမွေအနှစ်ဗဟိုဌာနက ပဏာမဆန်းစစ်ခဲ့ပြီးနောက် လေ့လာတွေ့ရှိချက်၊ မှတ်ချက်များနှင့် မြေပုံလိုအပ်ချက်အချို့တို့ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလဆန်းပိုင်းတွင် ကမ္ဘာ့အမွေအနှစ်ဗဟိုဌာန ညွှန်ကြားရေးမှူးထံမှ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ အကြံပြုခဲ့ပါ သည်။ ကမ္ဘာ့အမွေအနှစ်ဗဟိုဌာနမှ အကြံပြုချက်များနှင့်ပတ်သက်၍ သက်ဆိုင်ရာအဖွဲ့များက ပြင်ဆင်/ ဖြည့်စွက်မှုများ ဆောင်ရွက်ခဲ့ကြပါသည်။

 

တစ်ချိန်တည်းမှာပင် ကမ္ဘာ့အမွေအနှစ်အဆိုပြု ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအတွက် သက်ဆိုင်ရာ နိုင်ငံက ဆက်လက်ဆောင်ရွက်ရမည့် ရေရှည်စီမံခန့်ခွဲမှုအစီအစဉ်များနှင့် ဘက်စုံရေရှည်စီမံချက်များကို ပြုစု၍ ဒေသခံများ၊ ဒေသဆိုင်ရာအစိုးရအဖွဲ့၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ရရှိရေးအတွက် အစည်း အဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများကျင်းပပြီး ညှိနှိုင်း ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။ ကမ္ဘာ့အမွေအနှစ် အဆိုပြု စာတွဲကို ယူနက်စကိုကျွမ်းကျင်ပညာရှင် မစ္စတာဒန်ကင်က လည်းကောင်း၊ ရေရှည်စီမံခန့်ခွဲမှုအစီအစဉ်များကို ယူနက်စကိုကျွမ်းကျင်ပညာရှင် မစ္စတာ ကိုင်ဝိုက်စ်က လည်းကောင်း ပြည်တွင်း၊ ပြည်ပ ပညာရှင်များနှင့် ညှိနှိုင်းတိုင်ပင် ရေးဆွဲခဲ့ကြပါသည်။ ဘက်စုံလွှမ်းခြုံသော စီမံကိန်းကိုမူ မြန်မာနိုင်ငံ ဗိသုကာအသင်းမှ ဒေါက်တာ ကျော်လတ်နှင့် ပညာရှင်များက ရေးဆွဲပေးခဲ့ပါသည်။

 

မြန်မာနိုင်ငံသည် ပုဂံဒေသအတွက် အဆိုပြုစာတွဲအပြည့်အစုံ “အပိုင်း(၁)မှ (၅) အထိ”ကို ကမ္ဘာ့အမွေအနှစ် ဗဟိုဌာနသို့ နောက်ဆုံးသတ်မှတ်ရက်မတိုင်မီ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် တင်သွင်းခဲ့ပါသည်။ က္ဘာ့အမွေအနှစ်ဗဟိုဌာနက မြန်မာနိုင်ငံမှပေးပို့လာသည့် ပုဂံဒေသ အဆိုပြုစာတွဲများကို လက်ခံရရှိကြောင်း၊ စာတွဲများကို ပြည့်စုံမှု ရှိ၊ မရှိ စစ်ဆေး ပြီးနောက် ပြီးပြည့်စုံမှုရှိသော အဆိုပြုစာတွဲများကိုသက်ဆိုင်ရာ အကြံပေးအဖွဲ့များသို့ ဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်း၊ ကမ္ဘာ့အမွေအနှစ်ဗဟိုဌာန၏ အကြံပေးအဖွဲ့ ဖြစ်သည့် နိုင်ငံတကာအထိမ်းအမှတ်အဆောက်အအုံနှင့် နေရာဒေသများကောင်စီ(အိုင်ကိုမော့စ်)သို့ မိတ္တူပေး၍ ယင်းအဖွဲ့မှ ပုဂံဒေသသို့အကဲဖြတ်အဖွဲ့ စေလွှတ်နိုင်ရေးကို သီးခြားဆက်သွယ်သွားမည် ဖြစ်ကြောင်း ပြန်ကြားခဲ့ပါသည်။ ပုဂံဒေသအတွက် အဆိုပြုစာတွဲမှာ သတ်မှတ်ချက်များနှင့် ပြည့်စုံသော်လည်း ဓာတ်ပုံများကို သတ်မှတ်ချက်ပုံစံများဖြင့်ထပ်မံပေးပို့ပေးရန် ၂၀၁၈ ခုနှစ် မတ်လ ၁ ရက်နေ့တွင်အကြောင်း ကြားလာသဖြင့် ပါရီမြို့အခြေစိုက် ယူနက်စကိုဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးမှတစ်ဆင့် ၂၀၁၈ ခုနှစ် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ပေးပို့ခဲ့ပါသည်။ ဆက်လက်၍ ပုဂံဒေသ၌ ဆောင်ရွက်မည့် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဆိုင်ရာ အချက်အလက်များကို အိုင်ကိုမော့စ်၏ òန်ကြားရေးမှူးထံသို့ ၂၀၁၈ ခုနှစ် ဇွန်လ ၂၈ ရက်နေ့တွင် ပေးပို့ခဲ့ပါသည်။

 

mdn

 

ပညာရပ်ဆိုင်ရာ အကဲဖြတ်ဆန်းစစ်ချက်များ လုပ်ဆောင်ရန် ပညာရှင် လာရောက်လေ့လာခြင်း

 

ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း ထည့်သွင်းနိုင်ရေးနှင့်စပ်လျဉ်း၍ ပညာရပ်ဆိုင်ရာ အကဲဖြတ် ဆန်းစစ်ချက်များ လုပ်ဆောင်ရန် ဆန်းစစ်လေ့လာမည့် ပညာရှင်အဖြစ် ဩစတြေးလျနိုင်ငံမှ မစ္စတာရတ်ချက် မက်ကေးကိုမြန်မာနိုင်ငံသို့ စေလွှတ်နိုင်ရေးအတွက် အိုင်ကိုမော့စ်ညွှန်ကြားရေးမှူးက ယူနက်စကိုဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်/သံအမတ်ကြီးထံ ၂၀၁၈ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် အကြောင်းကြားခဲ့သဖြင့် နှစ်ဖက်ညှိနှိုင်း ချက်အရ အဆိုပါပညာရှင် မစ္စတာရတ်ချက် မက်ကေး သည် မြန်မာနိုင်ငံသို့ စက်တင်ဘာလ ၁၅ ရက်နေ့မှ၂၅ ရက်နေ့အထိ လာရောက်ခဲ့ပါသည်။

 

ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း ထည့်သွင်း နိုင်ရေးအတွက် မြန်မာနိုင်ငံမှ တင်သွင်းထားသည့် အဆိုပြု စာတွဲကို အိုင်ကိုမော့စ်မှ လေ့လာဆန်းစစ်ပြီးနောက်ကောင်စီ၏ နည်းပညာဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ အဖွဲ့က မေးမြန်းလာသည့် ဖွံ့ဖြိုးရေးစီမံကိန်းများနှင့်ပတ်သက်၍ ဖြေရှင်းမည့် နည်းလမ်းများ၊ စီမံခန့်ခွဲမှုစနစ်နှင့် ပတ်သက်၍ ရှေးဟောင်းသုတေသနဆိုင်ရာ အခြေပြမြေပုံရေးဆွဲထားရှိမှု၊ ပုဂံဒေသအတွက် တစ်ခုတည်း သောမြေပုံရေးဆွဲထားရှိမှု၊ ငလျင်အခြေပြမြေပုံရေးဆွဲထားရှိမှု၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု၊ ယဉ်ကျေးမှုအမွေအနှစ်အပေါ် ထိခိုက်မှုရှိ၊ မရှိ လေ့လာဆန်းစစ် အကဲဖြတ်ခြင်း ဆောင်ရွက်သွားမည့်အခြေအနေများ၊ ပုဂံဒေသအတွင်းရှိ အဆင့်အတန်း မသတ်မှတ်ရသေးသည့် ဘုရား ပုထိုးများနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်နေမှုအခြေအနေ၊ လူမှုအသိုက်အဝန်းများ ပါဝင်ပတ်သက်မ အခြေအနေ၊ ပုဂ္ဂလိကပိုင်ဆိုင်မှုနှင့်ပတ်သက်သည့်အချက်များကို ပြန်ကြားပေးရန် ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် တောင်းခံလာခဲ့ရာ မြန်မာနိုင်ငံမှ နိုဝင်ဘာလ ၂ ရက်နေ့တွင် ပြန်လည်ဖြေကြားပေးပို့ခဲ့ပါသည်။

 

၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ပါရီမြို့၌ကျင်းပသည့် အိုင်ကိုမော့စ်ကောင်စီ၏ ကျွမ်းကျင် ပညာရှင်များအဖွဲ့အစည်းအဝေး၌ ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းသွင်းရေးကိစ္စကိုလည်း ဆွေးနွေး ခဲ့ကြရာ ယင်းအစည်းအဝေးသို့ ယူနက်စကိုဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်/သံအမတ်ကြီးသည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးနှင့်အတူ တက်ရောက်ခဲ့ပါသည်။ အိုင်ကိုမော့စ်မှ တောင်းခံလာသည့် ကမ္ဘာ့အမွေအနှစ်စာရင်း၊ ၂၀၁၉ ပုဂံ(မြန်မာ) ကြားဖြတ်အစီရင်ခံစာနှင့် ထပ်မံပေးပို့ရမည့် သတင်းအချက် အလက်များကို ၂၀၁၉ ခုနှစ်ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ပေးပို့ခဲ့ပါသည်။

 

ပုဂံဒေသအား ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး

 

ပုဂံဒေသ၏ မြေယာရှုခင်း၌ တောင်ကုန်းလွင်ပြင်များ၊ မြစ်နှင့် စေတီပုထိုးများ၊ အထိမ်းအမှတ် အဆောက် အအုံများ၊ ကမ္ပည်းကျောက်စာများ၊ နံရံဆေးရေးပန်းချီများ၊ ကျောက်ဆစ်ပန်းချီများ၊ ဘာသာရေးဆိုင်ရာ ဓလေ့ထုံးတမ်းများ၊ နန်းတော်ရာ နှင့် မြို့ရိုးဟောင်း၊ ရေစီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များ၊ မြေအောက်ရှေးဟောင်း သုတေသနဆိုင်ရာ ကိစ္စရပ်များ၊ ပြတိုက်နှင့် ပုဂံဒေသ အတွင်း အခြားနေရာများ၌ ထိန်းသိမ်းထားသော ပစ္စည်း များ ပါဝင်ကြပါသည်။

 

ပုဂံဒေသ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်းကို ဘက်စုံပေါင်းစည်းထားသည့် စီမံခန့်ခွဲမှုလုပ်ငန်း လမ်းညွှန်ချက်မူဘောင်နှင့်အညီ ဆောင်ရွက်ခဲ့ရာ ယင်းမူဘောင်၌ ထိန်းသိမ်းစောင့်ရှောက်ခြင်း စည်းမျဉ်း ဥပဒေများ၊ စည်းမျဉ်းဥပဒေသတ်မှတ်ခြင်းများ/ ပြင်ဆင်ခြင်းများနှင့် ခရီးသွားလုပ်ငန်း၊ သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုနှင့် ဒေသတွင်းအစီအစဉ်ကဲ့သို့သော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လမ်းညွှန်ချက်များ ပါဝင်ပါသည်။

 

အဆိုပါမူဘောင်ကို        ပုဂံအမွေအနှစ်ဒေသ  အမျိုးသားအဆင့်    ကြီးကြပ်ညှိနှိုင်းရေးကော်မတီက  ဦးဆောင်ကြီးကြပ်၍            မန္တလေးတိုင်းဒေသကြီးနှင့်မကွေးတိုင်းဒေသကြီး၊    သက်ဆိုင်ရာဝန်ကြီးဌာနများ၊    ဦးစီးဌာနများမှ တာဝန်ရှိသူများက    ပါဝင်ရေးဆွဲခဲ့ခြင်း ဖြစ်ပြီး   သက်ဆိုင်ရာကော်မတီများနှင့်       လုပ်ငန်း ကော်မတီများက  ညှိနှိုင်းဆွေးနွေးအကောင်အထည်ဖော်ခဲ့ကြခြင်း ဖြစ်ပါသည်။ 

 

ရေရှည်စီမံခန့်ခွဲမှု၌  လူထု၏နားလည်သဘော ပေါက်မှုနှင့်  ပူးပေါင်းပါဝင်မှုကိုမြှင့်တင်ခြင်း၊  အထိမ်း အမှတ် အဆောက်အအုံများ  ထိန်းသိမ်းကာကွယ်မှုကိုမြှင့်တင်ခြင်း၊ အထူးသဖြင့် ငလျင်ဒဏ်ကြောင့် ပျက်စီး သွားသော အဆောက်အအုံများကို ပြုပြင်ထိန်းသိမ်းခြင်း (သို့မဟုတ်) ထိခိုက်မှုလျော့နည်းစေရန် ဆောင်ရွက်ခြင်း၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုနှင့်     ဟန်ချက်ညီစေခြင်း၊ စောင့်ကြည့်ခြင်းနှင့်     ထိန်းသိမ်းခြင်းကို   တိုးမြှင့်ဆောင်ရွက်ခြင်းများ ပါဝင်ပါသည်။

 


ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ(၂၀၁၉) ပြဋ္ဌာန်းခြင်း

 

ရှေးနှစ်ပေါင်းများစွာက တည်ရှိခဲ့သည့် ယဉ်ကျေးမှုအမွေအနှစ်များ အဓွန့်ရှည်စွာတည်တံ့ရေးအတွက် ကာကွယ်ထိန်းသိမ်းခြင်းဆိုင်ရာမူဝါဒကို မြှင့်တင်ရန်လည်းကောင်း၊ ယဉ်ကျေးမှုအမွေအနှစ်ဒေသများကို ကာကွယ်ထိန်းသိမ်းခြင်းဖြင့် နိုင်ငံသားများ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားစေရန်နှင့် ပြည်ထောင်စု စိတ်ဓာတ်ရှင်သန်စေရန်လည်းကောင်း ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေကို ၁၉၉၈ ခုနှစ်ကတည်းကပင် ပြဋ္ဌာန်းထားပြီးဖြစ်သော်လည်း ပြောင်းလဲလာသည့် ခေတ်ကာလအနေအထားများအရ ယဉ်ကျေးမှုအမွေအနှစ်ဒေသများအား ကာကွယ်ထိန်းသိမ်းခြင်း၏ တန်ဖိုးကြီးမားမှုကို ပြည်သူများ နားလည်ခံယူကြစေရန်လည်းကောင်း၊ ယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းခြင်းလုပ်ငန်းနှင့်ဒေသခံပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို ဟန်ချက်ညီစွာ လုပ်ဆောင်နိုင်ရန်လည်းကောင်း၊ ကမ္ဘာ့အမွေအနှစ်ဆိုင်ရာ နိုင်ငံတကာနှင့် ပြည်တွင်း၊ ပြည်ပအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်လည်းကောင်း ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ(၂၀၁၉)ကို ပြည်ထောင်စုလွှတ်တော်မှ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အသစ်ပြင်ဆင်ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါသည်။

 

ပုဂံဒေသအား အနှိုင်းမဲ့သော ယဉ်ကျေးမှုအမွေအနှစ်အဖြစ်အိုင်ကိုမော့စ်အဖွဲ့က ထောက်ခံခဲ့ခြင်း

 

ပညာရှင်အဖွဲ့၏ အကဲဖြတ်မှတ်တမ်းနှင့်ပတ်သက်၍ ၂၀၁၉ ခုနှစ် မေလ ၁၃ ရက်နေ့တွင် ယူနက်စကို ညွှန်ကြားရေးမှူးချုပ်ကိုယ်စား က္ဘာ့အမွေအနှစ်ဗဟိုဌာနအတွင်း ရေးမှူးအဖွဲ့မှ ပါရီမြို့ရှိ ယူနက်စကိုဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်/သံအမတ်ကြီးထံ လိပ်မူပေးပို့ခဲ့ရာ တွင်ပုဂံဒေသကို အမည်စာရင်းတင်သွင်း ထားခြင်းနှင့်ပတ်သက်၍ ပုဂံဒေသသည် ထူးခြား၍ အနှိုင်းမဲ့သော ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သည်ဟု အိုင်ကိုမော့စ်အဖွဲ့က ထောက်ခံချက်ပေးထားကြောင်း၊ ယဉ်ကျေးမှုဆိုင်ရာ စံသတ်မှတ်ချက် အမှတ် (၃)၊ (၄)နှင့် (၆)တို့နှင့် ကိုက်ညီမှုရှိသည်ဟု ဆုံးဖြတ်ထားပြီး ကမ္ဘာ့အမွေအနှစ်စာရင်း ထည့်သွင်းရန် အကြံပြု ထားကြောင်း ဖော်ပြပါရှိပါသည်။

 

စံချိန်စံညွှန်းများ

စံချိန်/စံညွှန်း(၃) ပုဂံဒေသသည် ထေရဝါဒဗု ဘာသာကိုင်းရှိုင်းသည့် ယဉ်ကျေးမှုကို ထင်ဟပ်နေပြီး ထူးခြားထင်ရှားသော ပြယုဂ်ကဲ့သို့ ဖြစ်နေပါသည်။ ထို့ပြင်(၁၁)ရာစုမှ (၁၃)ရာစု ကာလများက ပုဂံဒေသသည်ဒေသအတွင်း တန်ခိုးဩဇာနှင့်ပြည့်စုံသည့် အင်ပါယာ တစ်ခုဖြစ်ခဲ့ပြီး ပုဂံခေတ်ယဉ်ကျေးမှုကို သိသာထင်ရှားစွာ ပြသလျက်ရှိပါသည်။

 

စံချိန်/စံညွှန်း(၄) ပုဂံဒေသသည် ထေရဝါဒ ဗုဒ္ဓဘာသာဝင် မြန်မာတို့၏ တုနှိုင်းမဲ့ အနုသုခုမလက်ရာများ ဖန်တီးမှုကြွယ်ဝသည့် အထိမ်းအမှတ် အဆောက်အအုံများ တည်ရှိရာဒေသတစ်ခုဖြစ်ပြီး ဘာသာရေးကိုးကွယ် ယုံကြည်မှုနှင့် အစောပိုင်း ဗုဒ္ဓဘာသာဝင် အင်ပါယာတစ်ခု၏ ကြွယ်ဝမှုကို ထင်ဟပ်စေပါသည်။ ဗုဒ္ဓ ဘာသာဝင်တို့၏ ကိုးကွယ်ယုံကြည်မှုနှင့် ဗိသုကာအနုပညာလက်ရာမျာသည် နောင်ရာ စုနှစ်များစွာ ဆက်လက်တည်တံ့နေဦးမည်ဖြစ်ပါသည်။

 

စံချိန်/စံညွှန်း(၆) ပုဂံဒေသသည် စေတီပုထိုးများ၊ ဘုရားများနှင့် ဘုန်းကြီးကျောင်းများအပါအဝင် ဗိသုကာ ဆိုင်ရာ နှင့် ရှေးဟောင်းအမွေအနှစ်ဆိုင်ရာ ထူးခြား ပြောင်မြောက်သော အဆောက်အအုံများစွာ တည်ရှိပြီး ကောင်းမှုကုသိုလ်ပြုလုပ်ခြင်းကဲ့သို့သော ဘာသာရေး ဆိုင်ရာ ဓလေ့ထုံးစံများ၊ နတ်ကိုးကွယ်မှုကဲ့သို့ ရိုးရာ ယုံကြည်မှုများ၊ ပွဲတော်များ၊ ယွန်းထည်ထုတ်လုပ်ခြင်း ကဲ့သို့သော ရိုးရာနည်းပညာများ၊ ဒြပ်မဲ့ယဉ်ကျေးမှုများ ဆက်လက်တည်ရှိနေသည့် ဗုဒ္ဓဘာသာဝင်တို့၏ ဓလေ့ထုံးတမ်း၊ ကိုးကွယ်ယုံကြည်မှုနှင့် သမိုင်းဆိုင်ရာ ထူးခြား မြင့်မြတ်သည့် ပြယုဂ်တစ်ခု ဖြစ်ပါသည်။

 

ကမ္ဘာ့အမွေအနှစ်ကော်မတီအဖွဲ့ဝင်နိုင်ငံများမှ အမြဲတမ်း ကိုယ်စားလှယ်များအား တွေ့ဆုံစည်းရုံးမှု

 

တစ်ချိန်တည်းတွင် ပါရီမြို့အခြေစိုက် ယူနက်စကိုဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်/သံအမတ်ကြီး သည် ကမ္ဘာ့အမွေအနှစ်ကော်မတီအဖွဲ့ဝင် ၂၁ နိုင်ငံမှအမြဲတမ်းကိုယ်စားလှယ်/သံအမတ်ကြီးများအား သွားရောက် တွေ့ဆုံ၍ အဇာဘိုင်ဂျန်နိုင်ငံ၌ ကျင်းပမည့် (၄၃) ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီ အစည်းအဝေး၌ ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းရန်ဆုံးဖြတ်မည့်အပေါ် ထောက်ခံပေးပါရန် စည်းရုံးပြောကြား မှုများ ပြုလုပ်ခဲ့ပါသည်။ ထို့နည်းတူ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးထံမှ ကမ္ဘာ့အမွေအနှစ်ကော်မတီအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြား ရေးဝန်ကြီးများထံသို့ လိပ်မူရေးသား ထားသည့် စည်းရုံး မေတ္တာရပ်ခံစာများကို သွားရောက်ပေးအပ်ခဲ့ပါသည်။

 

(၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီ အစည်းအဝေး၌ ပုဂံအား ကမ္ဘာ့အမွေ အနှစ်စာရင်းသွင်းရန် ဆုံးဖြတ်ခဲ့ကြခြင်း

 

ကမ္ဘာ့အမွေအနှစ်စာရင်းသို့ အမည်စာရင်း အဆိုပြုခဲ့သည့် ပုဂံနယ်မြေသည် သိသာထင်ရှားပြီး လူသားအားလုံး အသိအမှတ်ပြုနိုင်သည့်ကမ္ဘာလုံးဆိုင်ရာ စံတန်ဖိုးအောက်ရှိစံချိန်စံညွှန်း သတ်မှတ်ချက် အမှတ်(၃)၊ (၄)နှင့် (၆)တို့နှင့် ကိုက်ညီမှုရှိသဖြင့် ၂၀၁၉ ခုနှစ်ဇွန်လ ၃၀ ရက်မှ ဇူလိုင်လ ၁၀ ရက်အထိ အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့တော်၌ ကျင်းပပြုလုပ်သည့် (၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီ အစည်းအဝေး ကာလ အတွင်း မြန်မာနိုင်ငံမှ ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း၌ စာရင်းသွင်းရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်ပါသည်။

 

နိဂုံးချုပ်

 

မြန်မာနိုင်ငံမှ သရေခေတ္တရာ၊ ဗိဿနိုးနှင့် ဟန်လင်း စသည့် ပျူမြို့ဟောင်းဒေသများရှိ နန်းတော်ရာများ၊ ဘာသာရေးအဆောက်အအုံများ၊ လူမှုရေးအဆောက်အအုံများ၊ စိုက်ပျိုးရေးအတွက် ဖန်တီးထားသည့် ရေသွင်း စနစ်များနှင့် ရေနုတ်မြောင်းများ အစရှိသော ယဉ်ကျေးမှုအမွေအနှစ်များကိုကမ္ဘာ့အမွေအနှစ်စာရင်းသို့ တင်သွင်းရေးအတွက် အားလုံးဝိုင်းဝန်းကြိုးပမ်းခဲ့ကြရာ ပျူမြို့ဟောင်းဒေသများသည် ၂၀၁၄ ခုနှစ် ဇွန် ၂၂ ရက်နေ့တွင် ကမ္ဘာ့အမွေအနှစ်စာရင်းသို့ ပါဝင်ခဲ့ပြီး ဖြစ်ပါသည်။

 

ယခုအခါ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များတည်ရှိရာ ပုဂံဒေသသည်လည်း မြန်မာနိုင်ငံမှ ဒုတိယ မြောက် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသအဖြစ်ယူနက်စကိုအောက်ရှိ ကမ္ဘာ့အမွေအနှစ်ကော်မတီ၏ အသိအမှတ်ပြုမှုကို ရရှိခဲ့ပြီဖြစ်ပါသည်။

 

ကမ္ဘာ့အမွေအနှစ်ကော်မတီ၏ လက်ရှိစည်းမျဉ်း သတ်မှတ်ချက်အရ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံမှ ကမ္ဘာ့ အမွေအနှစ်စာရင်းသို့ တစ်နှစ်လျှင် အဆိုပြုချက်တစ်ခုသာ တင်သွင်းနိုင်သည့်အလျောက် ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းသွင်းရန် အဆိုပြုစာတွဲ တင်သွင်း ခဲ့ပြီးနောက် တစ်ဆက်တည်းမှာပင် မြောက်ဦးဒေသ ကိုလည်း ကမ္ဘာ့အမွေအနှစ်စာရင်းသွင်းနိုင်ရေးအတွက်အဆိုပြုစာတွဲ (မူကြမ်း)ကို ပြုစုလျက်ရှိပါသည်။ ထို့နည်းတူ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ပုံတောင်ပရိုင်းမိတ်တွေ့ရှိရာ ဒေသတို့ကိုလည်း ကမ္ဘာ့အမွေအနှစ်စာရင်းသွင်းနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်မှုများကိုစတင်လုပ်ဆောင်လျက်ရှိပါသည်။

 

ကမ္ဘာ့အမွေအနှစ်ကော်မတီ၏ လက်ရှိစည်းမျဉ်း သတ်မှတ်ချက်အရ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံမှ ကမ္ဘာ့အမွေ အနှစ်စာရင်းသို့ တစ်နှစ်လျှင် အဆိုပြုချက်တစ်ခုသာ တင်သွင်းနိုင်သည့်အလျောက် ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းသွင်းရန် အဆိုပြုစာတွဲ တင်သွင်းခဲ့ပြီးနောက် တစ်ဆက်တည်းမှာပင် မြောက်ဦးဒေသ ကိုလည်း ကမ္ဘာ့အမွေအနှစ်စာရင်းသွင်းနိုင်ရေးအတွက်အဆိုပြုစာတွဲ (မူကြမ်း)ကို ပြုစုလျက်ရှိပါသည်။ ထို့နည်းတူ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ပုံတောင်ပရိုင်းမိတ်တွေ့ရှိရာ ဒေသတို့ကိုလည်း ကမ္ဘာ့အမွေအနှစ်စာရင်းသွင်းနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်မှုများကိုစတင်လုပ်ဆောင်လျက်ရှိပါသည်။