နေပြည်တော် ၂၂ ဇူလိုင်
ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခြင်းခံရမှုအတွက် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသော ပုဂ္ဂိုလ်များအား အသိအမှတ်ပြုဂုဏ်ပြုပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ နီလာအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းနှင့်တာဝန်ရှိသူများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟိုတယ်လုပ်ငန်းရှင် ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံစားသောက်ကုန်လုပ်ငန်းရှင်များအသင်းတို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က အလှူငွေပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာတွင် ယနေ့အခမ်းအနားမှာဇူလိုင် ၂၃ ရက်တွင် ကျင်းပမည့် ပုဂံ ယဉ်ကျေး မှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခြင်းခံရနိုင်ရေးအတွက် ပါဝင် ကူညီဆောင်ရွက်ပေးခဲ့ကြသော ပုဂ္ဂိုလ်များကို အသိအမှတ်ပြုဂုဏ်ပြုပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ မိတ်ဖက်အဖွဲ့အစည်းများဖြစ်ကြသော ဟိုတယ်နှင့်ခရီးသွားအသင်းအဖွဲ့များက အလှူလာရောက်လှူဒါန်းကြခြင်းဖြစ်ပါကြောင်း၊ ခရီးစဉ်ဒေသ တစ်ခုဖြစ်သော ပုဂံယဉ်ကျေးမှုဒေသကို UNESCO အသိအမှတ်ပြု ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်မြောက်ရေး အတွက် နှစ်ကာလရှည်ကြာစွာ ဦးဆောင် ဆောင်ရွက်ခဲ့သော သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တကွ ဝန်ကြီးဌာနမှတာဝန်ရှိသူများနှင့်အခြားသော ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ ပုဂံဒေသကို စနစ်ကျနသော ကမ္ဘာ့ အမွေအနှစ်ဒေသဖြစ်မြောက်ရေးအတွက် လိုက်နာရမည့် လိုအပ်သော ဥပဒေလုပ်ထုံးလုပ်နည်းများ၊ စီမံချက်များချမှတ်ရာတွင်လည်း ခရီးသွားလုပ်ငန်းကဏ္ဍမှ ပါဝင်ပူးပေါင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ အခမ်းအနားကို တက်ရောက်ချီးမြှင့်ပေးပါသော သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့်တကွ ဌာနအကြီးအကဲများ၊ အလှူငွေ ပေးအပ်လှူဒါန်းပါသော အသင်းအဖွဲ့များကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုဟိုတယ်လုပ်ငန်းရှင်များက စုပေါင်းအလှူငွေ ကျပ်သိန်း(၁၀ဝ) ၊ မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်းက အလှူငွေကျပ် (၁၀) သိန်း ၊ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်းက အလှူငွေကျပ် (၅) သိန်း ၊ မြန်မာနိုင်ငံစားသောက်ကုန် လုပ်ငန်း ရှင်များအသင်းက အလှူငွေကျပ် (၅)သိန်းတို့ကို ပေးအပ်လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုကကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


