နေပြည်တော် စက်တင်ဘာ ၂၉
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းတွင် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ရွှေစည်းခုံစေတီတော်သို့ ရောက်ရှိပြီး ကျန်စစ်သားမင်းကြီး၏ အတ္ထုပ္ပတ္တိကျောက်စာ ထိန်းသိမ်း ထားရှိမှု၊ ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်းဝင် (Memory of the World – MoW) ရရှိထားသော ဘုရင့်နောင်မင်းတရားကြီးလှူဒါန်းခဲ့သည့် ခေါင်းလောင်းတွင် ဘုရင့်နောင်မင်းတရားကြီး၏ တိုက်ခိုက်အောင်မြင်ရာ အရပ်ဒေသနှင့် သာသနာပြုခဲ့ပုံတို့ကို ရေးထိုးထားသည့် စာသားများအား ထင်ရှားအောင် ကြေးချွတ်သန့်စင် ဆောင်ရွက်နေမှု၊ အရှေ့ဘက်ကြေးကူတိုက် ပြုပြင်ထိန်းသိမ်းနေမှု၊ မူလခင်းထားသည့် သဘာဝသဲကျောက်ပြားများအား စမ်းသပ်တူးဖော်နေမှုများကို ကြည့်ရှုစစ် ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရွှေစည်းခုံဘုရား အထွေထွေပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရေး ဘက်စုံလွှမ်းခြုံသော အစီအစဉ် Master Plan ရေးဆွဲရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ ရွှေစည်းခုံ စေတီတော်ကြီး ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်ရာတွင် ဘက်စုံလွှမ်းခြုံသောအစီအစဉ် (Master Plan) ရေးဆွဲနိုင်ရေးအတွက် ယခုအစည်းအဝေး ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ရွှေစည်းခုံစေတီတော် ကြီးတွင် ရှေးဟောင်းလက်ရာ ကျန်ရှိမှုအဆင့်သည် Grade 1 ဖြစ်ပြီး ကျန်စစ်သားမင်းကြီး အတ္ထုပ္ပတ္တိ ကျောက်စာတိုင်နှစ်တိုင်၊ ကမ္ဘာ့မှတ် တမ်းအမွေအနှစ်စာရင်းဝင် (Memory of the World – MoW) ဘုရင့်နောင်မင်းတရားကြီး၏ ဘာသာ (၃)မျိုးဖြင့် ရေးထိုးထားသည့် ခေါင်းလောင်းကြီးလည်း ရှိကြောင်း၊ လေးဘက်လေးတန်ရှိ ကြေးကူတိုက်များသည် သမိုင်းအရ အရေးပါသည့်နေရာများ ဖြစ်ကြောင်း၊ ဘုရားရင်ပြင်တော်ကိုလည်း ကမ္ဘာ့အမွေအနှစ် ဒေသတစ်ခုနှင့်အညီ ဆီလျော်တင့်တယ်မှုရှိအောင် ဆောင်ရွက်ရန်လိုအပ်သည်ကိုတွေ့ရှိရကြောင်း။
ရွှေစည်းခုံစေတီတော်ဝင်းအတွင်းရှိ ခေတ်အဆက်ဆက် အလှူရှင်များလှူဒါန်းမှုဖြင့် ဆောက်လုပ်ထားသော အဆောက်အဦများကို လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ရန်လို အပ်သကဲ့သို့ မူလအလှူရှင်များ ပြုပြင်နိုင်ခြင်းမရှိပါက ဂေါပကအဖွဲ့အနေဖြင့် ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ရွှေစည်းခုံစေတီတော်ကြီး တည်ထားခဲ့စဉ်ကတည်းက ခင်းထားသည့် သဲကျောက်ပြားများနှင့် ပျက်စီးမှုကို အစားထိုးထားသည့် စကျင်ကျောက်ပြားများကို အချိန်ယူ ပြန်ဖော်ပြီး စနစ်တကျထိန်းသိမ်းကာ ယခုပြုပြင်ခင်းထားသည့် စကျင်လျှောက်လမ်းနှင့် Level ညှိ၍ ဥပဓိရုပ်ကောင်းမွန်စေရေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့် ယခုရေးဆွဲမည့် Master Plan ကို အမြန်ဆုံးရေးဆွဲပြီးစီးနိုင်ရေး ဆောင်ရွက်ပေးကြရန် တိုက်တွန်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးက ပညာရှင်များ ပူးပေါင်း၍ Master Plan ရေးဆွဲနိုင်ရေးအတွက် နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေးလိုအပ်သည့် အကြံပြုတင် ပြချက်များကို ဆွေးနွေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နယ်ပယ်အသီးသီးမှ ပညာရှင်များပါဝင်သော ရွှေစည်းခုံ စေတီတော် အထွေထွေပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ရေရှည်စနစ်တကျဆောင်ရွက်နိုင်ရန် Master Plan ရေးဆွဲရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရန်တို့ကိုမှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်းကာ ရွှေစည်းခုံ စေတီတော်ကြီးအား ဖူးမြော်ကြည်ညို၍ လှည့်လည်စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်စဉ်



