ညောင်ဦး၊ ဒီဇင်ဘာ ၃
ပုဂံယဉ်ကျေးမှုအမွေအနှစ်များ စုပေါင်းတည်ရှိရာဇုန်အတွင်း အမှိုက်ခွဲခြားစွန့်ပစ်မှု စနစ် လေ့ကျင့်ခြင်းအတွက် ဒေသငါးခုတွင် ကနဦးရှေ့ပြေးစမ်းသပ်လေ့ကျင့်ခြင်း၊ ဒေတာ ကောက်ယူခြင်းဆိုင်ရာရလဒ်များအား ချိတ်ဆက်၍ ရှေ့ဆက်လုပ်ဆောင်ရန် ရှင်းလင်းတင်ပြခြင်းနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်သူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်း အနားကို ဒီဇင်ဘာ ၃ ရက် နံနက် ၁၀နာရီက ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦး စီးဌာနရှိ အနော်ရထာခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်က အမှာစကားပြောကြားကာ ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းက Pilot Project နှင့်ချိတ်ဆက်၍ လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များကို ဒေသငါးခုတွင် အောင်မြင်စွာဆောင်ရွက်နိုင်ကြရန် လမ်းညွှန်ဆွေးနွေးပြီး Bagan Plastic Campaign ဥက္ကဋ္ဌ ဦးတင့်ဆွေက Plastic သိမ်းဆည်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အားသာချက် အားနည်းချက်၊ ဒေသခံများ ပူးပေါင်းဆောင်ရွက်လာမှု သိမ်းဆည်း Plastic များကို ပြန်လည်သုံးပြုနိုင်မည့် စက်ရုံတည်ဆောက်မည့် အခြေအနေများကို ရှင်းလင်း ဆွေးနွေးသည်။ ဆက်လက်၍ ပုဂံ-ညောင်ဦးမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ခိုင်က ASEAN အဖွဲ့ချုပ်အစီစဉ်အရ IGEs ၏ မူဘောင်အောင်မြင်စေရန် JAIF ၏ ကူညီထောက်ပံ့မှုနှင့် လုပ်ဆောင်နေသော ပုဂံဒေသ အမှိုက်ခွဲခြား စွန့်ပစ်မှု ဆောင်ရွက်ချက်များကို Power Point ဖြင့် တင်ပြ၍ နည်းပညာတက္ကသိုလ် (ကျောက်ဆည်) တွဲဖက်ပါမောက္ခ ဦးမျိုးသန့်က Pilot Project ၏ Data နှင့် Survey လုပ်ငန်းစဉ်များမှ ထွက်ပေါ်လာသော ရလဒ်များကို Power Point ဖြင့်ရှင်းလင်းပြီး Pilot Project ၏ အကျိုးသက်ရောက်မှုရှိစေရန် ရှေ့ဆက်ချိန်ဆက်ရန် လိုအပ်သော လုပ်ငန်း စဉ်များကို စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ခိုင်က ရှင်းလင်းတင်ပြသည်။ ပြီးနောက် Pilot Project တွင် ပူးပေါင်းကူညီသူများအား ဂုဏ်ပြုလက်မှတ်များ ပေးအပ် ချီးမြှင့်သည်။
မောင်မောင်ထိန်(ကျောက်ပန်းတောင်း)


