ရန်ကုန် ဇန်နဝါရီ ၁၂
ပုဂံယဉ်ကျေးမှု ဒေသတွင် နှစ်စဉ် ပြာသိုလပြည့်နေ့၌ ကျင်းပသည့် အာနန္ဒာဘုရား ဗုဒ္ဓပူဇနိယ ပွဲတော်သို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများနှင့် ပြည်ပခရီးသွားများ  အများအပြား ဝင်ရောက်လျက်ရှိကြောင်း သိရသည်။ 
အာနန္ဒာဘုရား ပွဲတော်၏ ၉၃၄ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို အဖိတ်၊ လပြည့်နေ့နှင့် လဆုတ် (၁) ရက်တို့တွင် ကျင်းပလေ့ရှိပြီး လယ်ယာထွက်ကုန်ပစ္စည်းများ၊ လယ်ယာ သုံးစက်ပစ္စည်းဆိုင်များ၊ ပုဂံဒေသထွက်ကုန်ပစ္စည်းများ၊ စားသောက်ကုန်များ၊ ရေထွက်ကုန် ပစ္စည်းဆိုင်နှင့် အဝတ်အထည်ဆိုင်များ စသည်ဖြင့် ဈေးဆိုင်ခန်းပေါင်း ၁၂၀ ပါဝင် ရောင်းချ လျက်ရှိရာ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိသည်။
“အာနန္ဒာဘုရား ပွဲတော်ကာလမှာ ပဋ္ဌာန်းပူဇော်နေပြီး ပြာသိုလပြည့်နေ့မှာ သံဃာတော် အပါး ၂၅၀ ကို အနယ်နယ်အရပ်ရပ်က အလှူရှင်များက ဆွမ်းဆန်စိမ်း လောင်းလှူကြမှာပါ။ ရှေးကနေ အခုချိန်အထိ အစဉ်အလာမပျက် ကျင်းပခဲ့တဲ့ ယဉ်ကျေးမှုအမွေ တစ်ခုဖြစ်တဲ့အတွက် ဆက်လက် ထိန်းသိမ်းသွားမှာပါ။” ဟု အာနန္ဒာဘုရား ဂေါပကဥက္ကဋ္ဌ ဦးဇော်ဝင်းချိုက ပြောပြသည်။
အာနန္ဒာဘုရားပွဲတော်ချိန်တွင် နွားလှည်းများဖြင့် ဘုရားဖူးလာရောက်ကြသည့် အညာဒေသ၏ ဓလေ့ကို ပြည်ပခရီးသွားများက အထူးစိတ်ဝင်စား လေ့လာလေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။
ပုဂံဒေသရှိ အထင်ကရ ဘုရား၊ စေတီ ၁၈ ဆူတွင် ပွဲတော်များ နှစ်စဉ်ကျင်းပလေ့ရှိပြီး အာနန္ဒာဘုရားပွဲတော်သည် ထင်ရှားသည့် ပွဲတော်တစ်ခုဖြစ်ပြီး ပြာသိုလပြည့်နေ့တွင် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် အစည်ကားဆုံးဖြစ်ကာ ယမန်နှစ်ပွဲတော်ကာလ အဖိတ်၊ လပြည့်နှင့် လဆုတ်နေ့တို့တွင် ခရီးသွား၄၀၀၀၀ ကျော်ဝင်ရောက်ခဲ့ကြောင်း သိရသည်။


ဓာတ်ပုံ - ကနူး

ညိမ်းသူ(သတင်းစဉ်)