ရန်ကုန်   ၃၁   ဇူလိုင်

 

အမှုမှာ  ဇူလိုင် ၃၀ ရက် နံနက် ၁၀ နာရီခန့်တွင် ပုဇွန်တောင်မြို့နယ်၊ ရေကျော်လမ်းရှိ AQUARIUS LIQUOR ဖုန်းအရောင်းဆိုင် မန်နေဂျာ မ----- သည် ဆိုင်တံခါးအား ဖွင့်ပြီး ဆိုင်အတွင်းရှိ ကောင်တာနှင့် စားပွဲများအား လိုက်လံကြည့်ရှုစစ်ဆေးရာ ရုံးခန်းအတွင်းရှိ အံဆွဲအတွင်းမှ ငွေကျပ်သိန်း (၁၇၀)နှင့် ဖုန်းငွေဖြည့်ကတ်(၁၈)ကတ်၊ တန်ဖိုးငွေ(၂၄,၀၀၀)ကျပ်တို့မှာ ပျောက်ဆုံးနေကြောင်း စစ်ဆေး တွေ့ရှိရ သဖြင့် ခိုးယူသွားသူကို အရေးယူပေးပါရန် ပုဇွန်တောင်မြို့မရဲစခန်းသို့ အမှုဖွင့် တိုင်တန်းခဲ့သည်။

 

ပုဇွန်တောင်မြို့နယ် ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး မောင်မောင်သန်း၊ မြို့မရဲစခန်းမှူး ဒုရဲမှူး ဇော်ဇော်ထွဋ် ဦးစီးအဖွဲ့က သတင်းရလျှင်ရချင်း အခင်းဖြစ်ရပ်သို့ သွားရောက် ပြီး ဆိုင်ဝန်ထမ်းများနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းခဲ့ရာ  ဆိုင်အရောင်းဝန်ထမ်းဖြစ်သူ လင်းခန့်ကိုကို၊ ထူပါရုံ (၁၄)လမ်း၊ (၁)ရပ်ကွက်၊  သာကေတမြို့နယ် နေသူမှ ကျူးလွန်ခဲ့ကြောင်းနှင့် သက်သေခံပစ္စည်း ငွေနှင့် ဖုန်းငွေဖြည့်ကတ်တို့အား နေအိမ်၌သိမ်းဆည်းထားကြောင်း စစ်ဆေးပေါ်ပေါက်ပါသည်။

 

စစ်ဆေးပေါ်ပေါက်ချက်အရ သက်သေခံပစ္စည်း ငွေကျပ်သိန်း(၁၇၀)နှင့် ဖုန်းငွေဖြည့်ကတ်တို့အား ပြန်လည်သိမ်းဆည်း ရရှိပြီးဖြစ်၍ ခိုးမှုကျူးလွန်သူ လင်းခန့်ကိုကို ကို ဥပဒေနှင့်အညီ အမြန်တရားစွဲ တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

 

သတင်းစဉ်