ပုဇွန်တောင် အောက်တိုဘာ ၃
မြန်မာနိုင်ငံ၏ တိကျမှန်ကန်သော လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာ စာရင်းအင်းအချက်အလက်များအား အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ်ရရှိစေရေး၊ ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်အကြား မြန်မာနိုင်ငံ၏ လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာ ပြောင်းလဲမှုများကို နှိုင်းယှဉ်လေ့လာ သုတေသနပြုပြီး လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စများအတွက် မူဝါဒချမှတ်နိုင်ရေး အထောက်အပံ့ပြုနိုင်ရန်နှင့် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲစာရင်းမှန်ကန်စေရေး အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများ ကောက်ခံခြင်းလုပ်ငန်းများကို အောက်တိုဘာ (၁)ရက်နေ့မှစတင်၍ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီ၌ ပုဇွန်တောင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို တတိယနေ့အဖြစ် စာရင်းစစ်၊ စာရင်းကောက်များဖြင့် ဆက်လက်ကောက်ခံလျက်ရှိကြောင်း မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေး ကော်မတီထံမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ ရပ်ကွက်(၁၀)ရပ်ကွက်တွင် စာရင်းစစ်၊ စာရင်းကောက် (၅၇)ဦးတို့က အဖွဲ့(၉)ဖွဲ့ဖြင့် Mobile Tablet များအသုံးပြု၍ တစ်အိမ်တက်ဆင်းစနစ်ဖြင့် ကောက်ယူလျက်ရှိရာ အဆိုပါစာရင်းကောက်ခြင်း လုပ်ငန်းများကို မြို့နယ် သန်းခေါင်စာရင်း ကောက်ယူရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းလှိုင်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်သန်းခေါင်စာရင်း ကောက်ယူရေးကော်မတီ အတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုးကျော်သူညွန့်နှင့် ကော်မတီဝင်များက အနီးကပ်လိုက်ပါကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့ထိ စုစုပေါင်း ၁၅ ရက်ကြာ နေ့စဉ်နံနက် ၇ နာရီမှ ညနေ ၆ နာရီထိ ကောက်ယူသွားမည်ဖြစ်ပြီး လာရောက်ကောက်ယူမည့်ရက်အား ပြည်သူများကို အသိပေးကာ ကောက်ယူသည့်စာရင်းများ တိကျမှန်ကန်စွာ ပြည်သူများက ဖြေဆိုပေး၍ ပူးပေါင်းဆောင်ရွက် ပေးစေလိုကြောင်း ကြေညာချက် ထုတ်ပြန်ထားပြီးဖြစ်ကြောင်း သိရသည်။
ဟန်စုယဉ်


