ပုဇွန်တောင် ၂၉ အောက်တိုဘာ
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပြည်သူများဈေးနှုန်း သက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးအနေဖြင့် သန့်ရှင်း လတ်ဆတ်သော အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ စားသောက်ကုန်များအား ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များမှကြီးမှူးသည့် ညီနောင်အသင်းမှ Mobile Market ကားများဖြင့် လာရောက်ရောင်းချခဲ့ကြောင်း သိရသည်။
ထိုသို့ လာရောက်ရောင်းချရာတွင် မြို့နယ်အတွင်းရှိ အမှတ်(၁)ရပ်ကွက် ဗိုလ်မြတ်ထွန်းအိမ်ရာ၊ အမှတ် (၅)ရပ်ကွက် ညောင်တန်းအိမ်ရာ၊ အမှတ်(၇)ရပ်ကွက် ဥယျာဉ်အိမ်ရာ များတွင်ဈေးကားဖြင့် လှည့်လည် ရောင်းချရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့တို့က သတ်မှတ်စည်းကမ်းများနှင့် အညီ ရောင်းချနိုင်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြောင်း သိရသည်။
ဈေးရောင်းမှုနှင့်ပတ်သက်၍ ဈေးဝယ်သူတစ်ဦးက “ဒီလိုမျိုးရောင်းချပေးတာ အဆင်ပြေလွယ်ကူတယ်၊ ဈေးထဲသွားစရာမလိုတဲ့အတွက် မိမိကိုယ်ကိုယ် ကာကွယ်ရာရောက်တယ်။ ဈေးနှုန်းလည်းချိုသာတဲ့ အတွက် အခြေခံလူတန်းစားတွေလည်း ဝယ်ယူစားသုံးနိုင်တယ်၊ တစ်ပတ်တစ်ခါလောက် ရောင်းချပေးရင် ပြည်သူတွေအတွက် ပိုအဆင်ပြေတယ်” ဟု ပြောသည်။
နေခြည်(ပြန်/ဆက်)


