ဝေါ    ဒီဇင်ဘာ    ၂၈

 

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် မြစ်ကျိုးကျေးရွာတွင် တည်ဆောက်လျက်ရှိသည့် ပုကိုင်တာ ရေသွင်းတံခါး တည်ဆောက်ရာ၌ စီမံကိန်းဧရိယာအတွင်း ပါဝင်သွားသည့် လယ်ယာမြေ  ၅၂ ဒသမ ၅၇ ဧကအတွက် တောင်သူ ကိုးဦးအား သီးနှံနစ်နာကြေးနှင့် လယ်ယာမြေလျော်ကြေးပေးအပ်ပွဲကို ဒီဇင်ဘာ ၂၇ ရက်က ပုကိုင်တာရေသွင်းတံခါး တည်ဆောက်ရေးစီမံကိန်း ရှင်းလင်းဆောင်၌ ကျင်းပသည်။

 

ရှေးဦးစွာ ပဲခူးခရိုင် လယ်ယာမြေစီမံခန့်ခွဲမှု ဥက္ကဋ္ဌ ဦးအောင်ဇော်လတ်က လျော်ကြေးပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပုကိုင်တာရေသွင်းတံခါး တည်ဆောက်ခြင်း လုပ်ငန်းတွင် ပါဝင်သွားသည့် ၅၂ ဒသမ ၅၇ ဧက အတွက် မြစ်ကျိုးကျေးရွာမှ တောင်သူ ခုနစ်ဦးနှင့် လေးအိမ်စု ကျေးရွာမှ တောင်သူ နှစ်ဦးတို့အား သီးနှံနစ်နာကြေးနှင့် လယ်ယာမြေ နစ်နာကြေးငွေ ကျပ် ၁၅၅၇၁၂၃၀၀ ကို ပဲခူးခရိုင် လယ်ယာမြေစီမံခန့်ခွဲမှု ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တောင်သူများထံ ပေးအပ်သည်။

 

အဆိုပါ အခမ်းအနားသို့ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေ ဦးစီးဌာန (ညွှန်ကြားရေးမှူးရုံး)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမြင့်ဦးနှင့် တာဝန်ရှိသူများ၊ ဝေါမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှုးများနှင့် တောင်သူများ တက်ရောက်ကြကြောင်း သိရသည်။

 

စိုးမိုး(ပြန်/ဆက်)