ဝေါ   ဒီဇင်ဘာ   ၂၈

 

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ လေးအိမ်စုကျေးရွာအနီး၊ ပုကိုင်တာရေသွင်းတံခါး တည်ဆောက်‌ရေး ရှင်းလင်းဆောင်တွင် ဒီဇင်ဘာ ၂၇ ရက်က ပုကိုင်တာရေသွင်းတံခါး တည်ဆောက်မှုကြောင့် စီမံကိန်းဧရိယာအတွင်း ပါဝင်သွားသည့် လယ်ယာမြေများအတွက် သီးနှံနစ်နာကြေးနှင့် လယ်ယာမြေ လျော်ကြေး ပေးအပ်ခြင်းအခမ်းအနား ပြုလုပ်သည်။

 

ရှေးဦးစွာ ပဲခူးခရိုင် လယ်ယာမြေ စီမံခန့်ခွဲမှုဥက္ကဋ္ဌ၊ ပဲခူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်လတ်က အမှာစကားပြောကြားပြီ ပုကိုင်တာရေသွင်းတံခါး တည်ဆောက်ရာတွင် စီမံကိန်းဧရိယာအတွင်း ပါဝင်သွားသည့် မြစ်ကျိုးကျေးရွာနှင့် လေးအိမ်စုကျေးရွာတို့မှ တောင်သူ ကိုးဦး၏ လယ်ယာမြေ ၅၂ ဒသမ ၅၇ ဧကအတွက် သီးနှံနစ်နာကြေးနှင့် လယ်ယာမြေ လျော်ကြေးငွေ ၁၅၅၇၁၂၃၀၀ ကျပ်အား ပဲခူးခရိုင် လယ်ယာမြေစီမံခန့်ခွဲမှုဥက္ကဋ္ဌ၊ ပဲခူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်လတ်၊ ဝေါမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှုဥက္ကဋ္ဌ ဦးဝင်း‌မော်နှင့် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ တည်ဆောက်ရေး(၆) ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမြင့်ဦးတို့က တောင်သူများထံ အသီးသီးပေးအပ်ကြသည်။

 

ယင်းနောက် ပဲခူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်လတ်နှင့်အဖွဲ့သည် ပုကိုင်တာ ရေသွင်းတံခါးနှင့် ကွေ့ကြီးကျေးရွာအုပ်စု၊ ကွင်းအမှတ် ၇၅၂(က)၊ တောင်သူ ဦးဖိုးဆောင်း၏ နေကြာသီးသန့်စံပြကွက် ၀.၅၀ ဧက စိုက်ပျိုးထားရှိမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

 

အဆိုပါ ပုကိုင်တာရေသွင်းတံခါး တည်ဆောက်ခြင်းလုပ်ငန်းကို ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ရေတံခါးအရွယ်အစား ၆ ပေ × ၄ပေ (၁၅)ပေါက်၊ ရေခေါ်မြောင်းမကြီး အလျား ပေ ၆၁၀၀၊ ရေထုတ်မြောင်းမကြီး အလျား ပေ ၁၀၀၀ ပါ သံကူကွန်ကရစ် ရေတံခါးအမျိုးအစားအဖြစ် ၂၀၀၆-၂၀၀၇ ဘဏ္ဍာနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် လုပ်ငန်းများ အားလုံး ၁၀၀ ရာခိုင်နှုန်း ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။ ပုကိုင်တာရေသွင်းတံခါးသည် ပဲခူးရိုးမ (အရှေ့ဘက်ခြမ်း)ရှိ တည်ဆောက်ပြီး ဘိုင်းဒါးရေလှောင်တမံမှ ပိုလျှံရေ ဧက၁၅၀၀၀၀ ကို ဘိုင်းဒါး တူးမြောင်းမကြီး - ကောလိယချောင်း - နဂါးပေါက်ချောင်း - နဂါးပေါက်ရေထိန်းတံခါး - ပုကိုင်တာ ရေသွင်းတံခါး - (ပဲခူး-စစ်တောင်း) တူးမြောင်း - စိမ်းလန်းတူးမြောင်းမကြီး စသည်ဖြင့် ရေသွယ်ယူပြီး စိုက်ပျိုးရေများ ပေးဝေသွားမည်ဖြစ်သဖြင့် လယ်ယာမြေဧက ၁၀၀၀၀ အား အကျိုးပြုသွားနိုင်မည် ဖြစ်ကြောင်း သိရသည်။

 

တင်စိုး(ပဲခူး)