နေပြည်တော် ဒီဇင်ဘာ ၁၈

၂၀၂၁ ခုနှစ်၊ ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများပြပွဲ(MINI GEMS EMPORIUM) ကို ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ယနေ့တွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပရာ ပုလဲအတွဲပေါင်း (၂၂၀) ရောင်းချခဲ့ရကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းမှ စတင်၍ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်းအတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်ကြည့်ရှုလေ့လာကြသည်။

မွန်းလွဲပိုင်းတွင် ရတနာကုန်သည်များသည် ရောင်းချမည့် ပုလဲအတွဲအမှတ် မှ အတွဲအမှတ် ၂၂၀ အထိ  ပုလဲအတွဲများကို  ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။

ထို့နောက် တာဝန်ရှိသူများက ဈေးနှုန်းအဆိုပြုလွှာများကို ဖွင့်ဖောက်စစ်ဆေးကြပြီး ပုလဲအတွဲပေါင်း ၂၂၀ ကို ရောင်း ချရကြောင်းကြေညာသည်။

ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများပြသရောင်းချပွဲကို မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဒီဇင်ဘာ ၁၇ ရက်မှ ၂၂ ရက်အထိ ကျင်းပနေခြင်းဖြစ်ပြီး ပြပွဲတွင် ပုလဲအတွဲ ၃၃၀ တွဲ၊ ကျောက်စိမ်းအတွဲ ၇၈၀ တွဲတို့ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များကို ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)