ပုလဲ ၂၅ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ စည်ပင်သာယာမြို့မဈေး၌ ဇန်နဝါရီ ၂၅ ရက် နံနက် ၁၁ နာရီခွဲက မြို့နယ်စီမံခန့်ခွဲမှု ကော်မတီနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီတို့၏ ကြီးကြပ်မှုဖြင့် ဈေးဆိုင်ခန်း လျှောက်လွှာတင်ထားသူများအား ဈေးဆိုင်ခန်းသစ်များကို မဲနှိုက်၍ ပွင့်လင်းမြင်သာစွာ အခန်းနေရာချထား ရောင်းချပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦးနှင့် အမှုဆောင်အရာရှိ ဒေါ်မော်တူးတို့က မြို့မဈေးအတွင်း ဈေးဆိုင်ခန်းများ အငှားချထားရန် အခန်းနေရာလျှောက်ထားသူများအတွက် ဈေးဆိုင်ခန်းသစ်များကို မဲနှိုက်၍ ပွင့်လင်းမြင်သာစွာ ရောင်းချပေးမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးသန်းနိုင်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေလင်း၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦးနှင့်အဖွဲ့ဝင်များ၊ အမှုဆောင်အရာရှိ ဒေါ်မော်တူးနှင့် ဝန်ထမ်းများက ဈေးဆိုင်ခန်းသစ်များကို အခန်းနေရာလျှောက်ထားသူများအား မဲနှိုက်၍ ရောင်းချပေးခဲ့သည်။
အဆိုပါ ပုလဲမြို့ စည်ပင်သာယာမြို့မဈေးရှိ ပထမတန်းစား ရှေ့မျက်နှာစာ ဈေးဆိုင်သစ် အခန်း ၈ ခန်းကို ၁ ခန်းလျှင် ငွေကျပ် ၄၅ သိန်းဖြင့် လည်းကောင်း ၊ ဒုတိယတန်းစား ထောင့်အခန်း ၈ ခန်းကို ၁ ခန်းလျှင် ငွေကျပ် ၃၁ သိန်းဖြင့် လည်းကောင်း၊ တတိယတန်းစား အတွင်းခန်းများကို ၁ ခန်းလျှင် ငွေကျပ် ၂၈ သိန်းဖြင့်လည်းကောင်း မဲစနစ်အသုံးပြု၍ အခန်းနေရာ ချထားကာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
မြင့်သိန်းစိုး(ပြန်/ဆက်)