ပုလဲ ၁၉ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့ပြည်သူ့အားကစားကွင်း၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါကြိုတင် ကာကွယ်နိုင်ရေးအတွက် ယာယီဈေးဖွင့်လှစ်၍ စတင်ရောင်းချလျက်ရှိရာ ဧပြီ ၁၉ ရက် နံနက်၈နာရီက မြို့နယ်အဆင့် ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉)ရောဂါ ထိန်းချုပ်ရေး၊ အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်နှင့်တာဝန်ရှိသူများက ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦးက ပုလဲမြို့၊ ပြည်သူ့အားကစားကွင်း၌ ဧပြီ ၁၉ ရက်မှ စတင်၍ ယာယီဈေး ဖွင့်လှစ်၍ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ ကုန်စိမ်း၊ ကုန်ခြောက်ဆိုင်များ၊ မုန့်ဟင်းခါးဆိုင်နှင့် အကြော်ဆိုင်များ ရောင်းချနိုင်ရေးအတွက် တစ်ဆိုင်နှင့် တစ်ဆိုင်ကျောခြင်းကပ် ၉ ပေကွာ ရောင်းချရန် အကွက်များ သတ်မှတ်ပေးထားမှု၊ ဈေးဝယ်မည့် ပြည်သူများ သွားလာရန် ၁၅ ပေ လျှောက်လမ်း ထားရှိပြီး ၃ ပေ အကွာမှ ဝယ်ယူနိုင်ရန် အကွက်များ သတ်မှတ် ပေးထားမှု ၊ ဆိုင်ခန်းများကို ၆ ပေ ပတ်လည် အကွက်များ သတ်မှတ်ပေး၍ စနစ်တကျ ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု၊ လက်ဆေးဘေစင်များ တပ်ဆင်ပေးထားမှု၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီမှ ဝန်ထမ်းများက အပူချိန်တိုင်းကိရိယာဖြင့် ဈေးဝယ်ရန် လာရောက်ကြသည့် ဒေသခံ ပြည်သူများအား ကျန်းမာရေးစစ်ဆေးမှု၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးမှု၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ် ၊ ကုသရေး အသိပညာပေး နံရံကပ်ပြဘုတ်များ ပြသပေးမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ မြို့နယ်အဆင့် ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉) ရောဂါထိန်းချုပ်ရေး၊ အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်သည် တာဝန်ရှိသူများနှင့်အတူ ယာယီဈေး ဖွင့်လှစ်၍ စနစ်တကျ ရောင်းချနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီးလုပ်ငန်း လိုအပ်ချက်များနှင့် ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးမည့်လုပ်ငန်း အစီအမံ များကို မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထိုနောက် မြို့နယ်အဆင့် ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉)ရောဂါ ထိန်းချုပ်ရေး၊ အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်သည် တာဝန်ရှိသူများနှင့်အတူ ပုလဲမြို့အဝင် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်း ကျောင်းရှေ့၌ ဖွင့်လှစ်ထားရှိသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပြန့်ပွားမှု မရှိစေရေး ကျန်းမာရေး စစ်ဆေးဂိတ်သို့ ရောက်ရှိခဲ့ပြီး ဌာနဆိုင်ရာပေါင်းစုံမှ ဝန်ထမ်းများက မော်တော်ယာဉ်များ၊ ဆိုင်ကယ်များဖြင့် ဝင်ရောက်လာသည့် ခရီးသွား ပြည်သူများအား လက်ဆေး ဘေစင်များတွင် လက်ဆေးခြင်းလုပ်ငန်း၊ အပူချိန်တိုင်းကိရိယာဖြင့် ကျန်းမာရေး စစ်ဆေး၍ အသိပညာပေး ဆွေးနွေးခြင်းနှင့် ခရီးသွားရာဇဝင် မေးမြန်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များနှင့် ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးမည့် လုပ်ငန်းအစီအမံများကို ဌာနဆိုင်ရာ တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
မင်းခန့်စိုး(ဇေယျာမြေ)
