ပုလဲ၊ ၄ ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ဖေဖော်ဝါရီ ၄ ရက် နံနက် ၁၀ နာရီက အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအုတ်ရိုက်သင်တန်းကို ဖွင့်လှစ်သည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က သင်တန်းသား၊ သင်တန်းသူများအား သင်တန်းမှ ပို့ချသည့် ပညာရပ်များကို အမှန်တကယ် ကျွမ်းကျင်တတ်မြောက်အောင် သင်ယူကြပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် ကြရန် လိုကြောင်း မှာကြားသည်။
ထို့နောက် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းဦးက ကျေးလက်နေပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးတက်ရရှိလာစေရန်၊ တစ်ဦးချင်း ဝင်ငွေတိုးတက်ရရှိပြီး ဆင်းရဲမှုလျှော့ချစေရန်နှင့် ကျေးလက်ဒေသ လူမှုစီးပွားဘဝ မြင့်မားလာစေရန် ရည်ရွယ်ချက်များဖြင့် အုတ်ရိုက်သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
သင်တန်းသို့ ပုလဲမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ သင်တန်းသား၊ သင်တန်းသူ ၁၅ ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ၁၀ ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
မင်းခန့်စိုး(ဇေယျာမြေ)


