ပုလဲ ၂၉ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာ ၁၆ ရွာ၌ ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်းရန်ပုံငွေ (VDP)များဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများအားလုံး ၆၀ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ပုလဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းဦးက “၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း ရန်ပုံငွေများကို ကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း ၁၀ဝ နှုန်းဖြင့် ပြည်သူလူထုထည့်ဝင်ငွေများဖြင့် တောသာကျေးရွာမှာ ရွာအဝင် ဂျင်းခင်းခြင်းလုပ်ငန်း၊ ဂျပ်ကျေးရွာမှာ ရွာအဝင်ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ ပေပင်ကျေးရွာမှာ ရွာအတွင်း ဂျင်းခင်းခြင်း လုပ်ငန်း၊ ကံသစ်(သီတင်း) ကျေးရွာမှာ ရွာအတွင်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ မောင်းတုံကျေးရွာမှာ ရွာအတွင်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ ကြိုပင်ကျေးရွာမှာ ရွာအတွင်း ဂျင်းခင်းခြင်းလုပ်ငန်း၊ တုန်းကန် ကျေးရွာမှာ ရွာအတွင်း ဂျင်းခင်းခြင်းလုပ်ငန်း၊ ဆင်ရှင်ကျေးရွာမှာ ရွာအဝင် ဂျင်းခင်းခြင်းလုပ်ငန်း ၊ တောင်ပျောက် ကျေးရွာမှာ ရွာအဝင် ဂျင်းခင်းခြင်းလုပ်ငန်း၊ အင်တိုင်းသာကျေးရွာမှာ ကွန်ကရစ် ခင်းခြင်းနှင့် ရေကျော်တည်ဆောက်ခြင်းလုပ်ငန်း၊ အိုင်းမကျေးရွာမှာ စာသင်ကျောင်း နံရံ အုတ်စီခြင်းနှင့် ကြမ်းခင်းခြင်းလုပ်ငန်း၊ သစ်ကြီးတိုင်းကျေးရွာမှာ ပညာရေးဝန်ထမ်းအိမ်ရာ နံရံ အုတ်စီခြင်းနှင့် ကြမ်းခင်းလောင်းခြင်းလုပ်ငန်း၊ ငှက်ပျောတော(တောင်)ကျေးရွာမှာ စာသင်ကျောင်း နံရံအုတ်စီခြင်း၊ ကြမ်းခင်းလောင်းခြင်းနှင့် မျက်နှာကြက်တပ်ဆင်ခြင်းလုပ်ငန်း၊ ညောင်ကုန်း ကျေးရွာမှာ ရေစင်တည်ဆောက်ခြင်းနှင့် ပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း ၊ လက်တောင်းကြီး ကျေးရွာမှာ စာသင်ကျောင်း အုတ်တံတိုင်းကာရံခြင်းလုပ်ငန်း၊ သာယာကုန်းကျေးရွာမှာ ၄၀ဝ ဗို့ ဓာတ်အားလိုင်း တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများအားလုံး ၆၀ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ပါတယ် ” ဟု ပြောပြသည်။
အဆိုပါ ကျေးရွာများတွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းရန်ပုံငွေများဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများ သတ်မှတ် စံချိန်/စံညွှန်း ပြည့်မီစေရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး တို့အတွက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးသန်းနိုင်၊ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းဦးနှင့် ဝန်ထမ်းများက ကွင်းဆင်း၍ စစ်ဆေးခဲ့ကြောင်း သိရသည်။
မင်းခန့်စိုး(ဇေယျာမြေ)


