ပုလဲ ၂ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ် သိန်း ၁၇၀ ကျော်ကို ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက အိမ်တိုင်ရာအရောက် ပေးအပ်ခဲ့ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ပုလဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေလင်းက “ နိုင်ငံတော်အစိုးရမှ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၏ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ်များက အဓိက အထောက်အကူပြုလျက်ရှိပါတယ်။ ကလေးငယ်ဘဝမှ သက်ကြီးရွယ်အိုအထိ တစ်ဦးချင်းစီ၏ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို နည်းစနစ်ကျစွာ ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ကာကွယ်စောင့်ရှောက်မှုဖြင့် သာတူညီမျှခံစား ရရှိစေရန်လည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ပုလဲ မြို့နယ်အတွင်းရှိ အသက် ( ၈၅ ) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ဇူလိုင်လ ၊ သြဂုတ်လနှင့် စက်တင်ဘာလများအတွက် ထောက်ပံ့တဲ့ လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက အိမ်တိုင်ရာ အရောက် သွားရောက်ပြီး ပေးအပ်ခဲ့ပါတယ် ” ဟု ပြောကြားသည်။
ပုလဲမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများ၌ နေထိုင်သော အသက်(၈၅)နှစ်နှင့်အထက်သက်ကြီးဘိုးဘွား(၅၆၇)ဦးအား ဇူလိုင်လ၊သြဂုတ်လနှင့် စက်တင်ဘာလများအတွက် တစ်လလျှင် ငွေကျပ် ၁၀ဝ၀ဝနှုန်းဖြင့် သက်ကြီးဘိုးဘွား တစ်ဦးလျှင် ( ၃ )လအတွက် ငွေကျပ် ၃၀ဝ၀ဝကို ဘိုးဘွားများ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်ပြန်/ဆက်


