ပုလဲ  ၂၄  နိုဝင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၌ မိုးစပါး စံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ နံနက်ပိုင်းက လက်ပုကန်ကျေးရွာ၊ တောင်သူ ဦးဆန်းထွန်း၏ လယ်ယာမြေ  ၃ ဧက၌ ရိတ်သိမ်းခဲ့ပြီး တစ်ဧက ၈၂ တင်းထွက်ရှိကြောင်း သိရသည်။

 

ထိုသို့ ရိတ်သိမ်းရာတွင် မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဝန်ထမ်းများနှင့် မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန ဝန်ထမ်းများက တောင်သူ ဦးဆန်းထွန်း၏ လယ်ယာမြေတွင် စိုက်ပျိုးထားရှိသော လုံးသွယ်မွှေး စပါးမျိုး ၃ ဧကကို စံကွက်ရိတ်သိမ်းရာ တစ်ဧက အထွက်နှုန်းမှာ စပါးအစို(၈၂)တင်း ထွက်ရှိခဲ့သည်။

 

တစ်ဧကအထွက်နှုန်း မြင့်မားစေရေး၊ အထွက်နှုန်း မိတ်ဖက်များဖြစ်တဲ့ ကောက်ကွက်ပြည့်မီစေရေး၊ အောင်နှံပင်ပွား တိုးပွားရေးနှင့် တစ်နှံပါအောင်စေ့ တိုးပွားစေရေး၊ စံကွက်ရိတ်သိမ်း၍ ရရှိလာတဲ့ ရလဒ်အပေါ်မူတည်ပြီး တစ်ဧက ကောက်ကွက်ဝင်ဆံ့မှု မရှိက လာမယ့် စိုက်ပျိုးရာသီမှာ လိုအပ်ချက်များကို လိုက်နာပြုပြင်စိုက်ပျိုးစေရေး ရည်ရွယ်ချက်များဖြင့် မိုးစပါး စံကွက်ရိတ်သိမ်းပွဲကို ဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်ဟု ပုလဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ဝင်းစိုးက ပြောသည်။

 

ပုလဲမြို့နယ်တွင် မိုးစပါး လျာထားဧက ၄၅၁၈၀ ရှိရာ စိုက်ဧကမှာ ၄၅၄၄၉ ဧကဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ  သိရသည်။

 

မြင့်သိန်းစိုး(ပြန်/ဆက်)