နေပြည်တော် ၂၃ ဇူလိုင်

သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့ စနစ်အပါအဝင် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၀ ရက်မှ ၂၁ ရက်အထိ သစ်တောဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ/ယင်းမာပင်ခရိုင် ပုလဲမြို့နယ် ပုလဲ-ဂန့်ဂေါကားလမ်း ဦးနှောက်ကျေးရွာအနီး၌ နီဆန်းဒီဇယ်(၁၂)ဘီး မော်တော်ယာဉ်ပေါ်မှ ပိတောက်ခွဲသား ၇၂ ချောင်း (၄ ဒသမ ၆၆၀၄)တန်နှင့်အတူ ပြစ်မှုကျူးလွန်သူတစ်ဦး ဖမ်းဆီးရမိခဲ့ပြီး ၎င်းကို ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

 

2

 

ထို့ပြင် မုံရွာ/ယင်းမာပင်ခရိုင် ဘုတလင်မြို့နယ် ဆုံကုန်းကျေးရွာအရှေ့ဘက်နေရာ၌ HIACE TOYOTA Super Custom မော်တော်ယာဉ်ပေါ်မှ ပိတောက်ခွဲသား ၁၅ ချောင်း (၁ ဒသမ ၂၇၉၆)တန် ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူနှင့် ဆက်စပ်သူများကို စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

မောင်လူမော်