ပုလဲ  ၂၂   ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးခြင်း၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်ပေးခြင်း၊ ဆိုလာစနစ်ဖြင့် မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးနှင့်  သန့်ရှင်းသော သောက်သုံးရေ ရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းအပြင် နွေရာသီတွင် သောက်သုံးရေ ရှားပါးပြတ်လပ်မှု ဖြစ်ပေါ်လာသည့် ရပ်ကွက်၊ ကျေးရွာများသို့လည်း လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသအုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင် အလှူရှင်များနှင့် ပူးပေါင်း၍ သောက်သုံးရေများ လှူဒါန်းပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ရေးအတွက် ကြိုတင်စီမံ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

 

ပုလဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်ဦးက “၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်မှာ မယင်းကျေးရွာ၌ စိမ့်စမ်းရေ သွယ်တန်းခြင်းလုပ်ငန်း၊ သပြေကုန်း၊ နှောရိုး၊ အောင်ချမ်းသာ၊ မင်းမ (အနောက်)၊ ထန်းခင်းကြီးနှင့်  လယ်ပုလ္လင်ကျေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်း လုပ်ငန်း၊ ဖိုမိုအိုက်ကျေးရွာ၌ မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်း၊ အင်တိုင်းသာ၊ မဲချောင်း၊ ချမ်းသာအောင်၊ ဇိတ္တောင့်၊ ၅၅မိုင်၊ စိုင်ဂေါင်းနှင့် ကျောက်ဆင်ထူးကျေးရွာ၌ ကွန်ပရက်ဆာတွင်း တူးဖော်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပါတယ်။ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်မှာ အင်းကန်၊ ရွာသာ၊ လက်ပုကန်၊ ပျော်ဘွယ်ကျင်း(အရှေ့)၊ ကုက္ကိုကုန်း၊ သင်တီးကန်(အနောက်)၊ ဝမ်းဘဲချိုင့်၊ တောင်ရွာသစ်၊ ကုန်းကျေးရွာနှင့် လက်ပန်ကျေးရွာများ၌ စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမှာဖြစ်လို့  သောက်သုံးရေ ရှားပါးမှုက နည်းပါးနိုင်ပါတယ်။ သို့သော်လည်း ယခုနှစ်နွေရာသီမှာ သောက်သုံးရေ ရှားပါးမှု ဖြစ်ပေါ်လာသော ရပ်ကွက်နှင့်ကျေးရွာများက ဆက်သွယ်၍ အကူအညီတောင်းခံလာခဲ့ရင် အချိန်နှင့်တစ်ပြေးညီ သောက်သုံးရေများ   ပို့ဆောင်နိုင်ရေးအတွက် ရေဗူးကြီးများကို ကြိုတင်၍ စီမံဆောင်ရွက်ထားရှိပြီး ဖြစ်သလို  လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင် အလှူရှင်များ၏ပေါင်းစပ် ကူညီမှုများဖြင့်လည်း ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟု  ပြောကြားခဲ့သည်။

 

ပုလဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများကလည်း နွေရာသီတွင် သောက်သုံးရေ ရှားပါးပြတ်လပ်မှု မဖြစ်ပေါ်စေရေးအတွက် ကျေးရွာများသို့ ကွင်းဆင်း၍ ရေအရင်းအမြစ်များ ပြင်ဆင်ထိန်းသိမ်းခြင်းနှင့် သတိပြုရမည့် အချက်အလက်များ၊ စက်ရေတွင်းများ ရေရှည်တည်တံ့အောင် ထိန်းသိမ်းခြင်းနည်းစနစ်များနှင့်  စိမ့်စမ်းရေများ    ရေရှည်တည်တံ့အောင် ထိန်းသိမ်းခြင်း နည်းစနစ်များကို ပညာပေးဆွေးနွေးခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြကြောင်း သိရသည်။

 

ထို့အပြင် ၂၀၂၀ပြည့်နှစ်  နွေရာသီတွင် သောက်သုံးရေ ရှားပါးပြတ်လပ်မှုမဖြစ်ပေါ်စေရန် ကြိုတင် ကာကွယ်နိုင်ရေးလိုက်နာရမည့် အချက်အလက်များနှင့် ဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့် နည်းလမ်းပါရှိသည့်  ပညာပေးလက်ကမ်းစာစောင်များကို ရပ်ကွက်/ကျေးရွာများသို့ ဖြန့်ဝေပေးမည် ဖြစ်ကြောင်းနှင့် သောက်သုံးရေ ရှားပါးပြတ်လပ်မှုများ ဖြစ်ပေါ်လာပါက ပုလဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဖုန်း ဝ၇၁-၃၅၀၉၆ နှင့် ဝ၉-၇၉၈၇၀၉၈၇၁ သို့  ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

 

မင်းခန့်စိုး(ဇေယျာမြေ)