ပုလဲ ၆ ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ တရားမဝင်သစ်များ ခုတ်လှဲခြင်း၊ သယ်ဆောင်ခြင်း လုပ်ငန်းများကို တားဆီးကာကွယ် ဖော်ထုတ် ဖမ်းဆီးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်က သစ်မျိုးစုံ ၅ တန်ကျော်ကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ပုလဲမြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်လင်းနှင့် ဝန်ထမ်းများ၊ ကန့်ဒေါင့်ရဲတပ်ဖွဲ့စခန်းမှ တပ်ကြပ်ကြီး မောင်လွင်နှင့် ရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာမှတာဝန်ရှိသူတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၅ ရက် နံနက် ၂ နာရီ ၁၅ မိနစ်က ဝမ်းဘဲချိုင့်ကျေးရွာအုပ်စု၊ ပိတောက်ကုန်းကျေးရွာ၏ အနောက်မြောက်ဘက် ၂ မိုင်ခန့်အကွာ မြောက်ယမားရေကူတမံ သွားကားလမ်း၏ တောင်ဘက် ယာခင်းအစပ်သို့ သတင်းအရ ဝင်ရောက်ရှာဖွေရာ တရားမဝင်သစ်မျိုးစုံ ၁၄၁ ချောင်း(၅ ဒသမ ၅၄၄၈ ) တန်ကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ သိမ်းဆည်းရမိခဲ့သော တရားမဝင် သစ်မျိုးစုံတို့ကို ပုလဲမြို့နယ် သစ်တောဦးစီးဌာနသို့ သယ်ဆောင်ထိန်းသိမ်းထားရှိကြောင်းနှင့် တရားမဝင်သစ်များ ခုတ်လှဲခြင်း၊ သယ်ဆောင်ခြင်းလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသူများကို ဖမ်းဆီးရမိရေးအတွက် နယ်မြေ ကွင်းဆင်းခြင်း လုပ်ငန်းကို အရှိန်တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စီမံခန့်ခွဲမှု ကော်မတီရုံးမှ သိရသည်။
မြို့နယ်ပြန်/ဆက်