ပုလော ၁၈    ဖေဖော်ဝါရီ

           

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုဦးစီးဌာနမှ ဖွင့်လှစ်သည့် တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီခွဲက နန္ဒာဝန်ဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ဇင်ထွန်းက သင်တန်းနှင့်ပတ်သက်၍ အမှာစကားများ ပြောကြားပြီး ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းက အဖွင့်အမှာစကားများ ပြောကြားခဲ့သည်။

 

အဆိုပါ သင်တန်းကို (၇) ရက်တာ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး တန်ဖိုးမြှင့်စားသောက် ကုန်ထုတ်လုပ်မှု နည်းပညာ (၂၂) မျိုးဖြင့် သစ်သီးယိုအမျိုးမျိုး၊ သစ်သီးဆော့၊ သစ်သီးဖျော်ရည်၊ သရက် သီးသနပ်၊ ဂျယ်လီ၊ အားလူးကြော်၊ စာကလေးခွေ၊ ငါးမုန့်၊ ကိတ်မုန့်အမျိုးမျိုး၊ ကွက်ကီး စသည့်တို့ကို စာတွေ့ ၃၀ ရာခိုင်နှုန်း၊ လက်တွေ့ ၇၀ ရာခိုင်နှုန်းဖြင့် သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

ထူးဝေယံ(ပြန်/ဆက်)