ပုလောမြို့နယ်၊ ပလောက်မြို့ ပြည်သူ့ဆေးရုံအား အကြမ်းဖက်သမားများ၏ Drop Bomb ပစ်ချတိုက်ခိုက်မှုကြောင့် ကလေးကုသဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲပြီး ကလေးငယ် ၁ ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော် ဧပြီ ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလောက်မြို့ ပြည်သူ့ဆေးရုံအား ယနေ့ညနေပိုင်းတွင် အကြမ်းဖက်သမားများက Drop Bomb များဖြင့် ယုတ်မာရက်စက်စွာ ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ယနေ့ညနေ ၄ နာရီခန့်တွင် ပုလောမြို့နယ်၊ ပလောက်မြို့ ပြည်သူ့ဆေးရုံအား အကြမ်းဖက်သမားများက ဆေးရုံ၏အရှေ့မြောက်ဘက် မီတာ ၁၅၀၀ ခန့်အကွာမှနေ၍ Drone ဖြင့် Drop Bomb ၁ လုံး လာရောက်ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ဆေးရုံ၏ ကလေးကုသဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အဆိုပါကလေးကုသဆောင်၌ ဆေးရုံတက်ရောက်ကုသနေသည့် ကလေးငယ် ၁ ဦးနှင့် လူနာစောင့် အပြစ်မဲ့ဒေသခံပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အထက်ပါဖြစ်စဉ်မှ ထိခိုက်ဒဏ်ရာရရှိသူများအား ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူစေလျက်ရှိကြောင်းနှင့် ယခုကဲ့သို့ ပြည်သူ့ဆေးရုံပေါ်သို့ Drop Bomb ပစ်ချ တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime) ကို ကျူးလွန်ခြင်းဖြစ်ပြီး အဆိုပါအကြမ်းဖက်မှုကို ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်