ပုလော ၁၀ သြဂုတ်
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် သြဂုတ်လ (၈၊၉၊၁၀) ရက်နေ့အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျေးရွာ အချို့ ရေလွတ်ရာ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။
ပုလောမြို့နယ်သည် ကမ်းရိုးတန်းဒေသဖြစ်သည်နှင့်အညီ နှစ်စဉ် မိုးရွာသွန်းမှု များပြားလျက်ရှိပြီး၊ ယခုနှစ်အတွင်း ပုလောကုန်းကျေးရွာအုပ်စု ရှိ ဝက်တိုးကျေးရွာတွင် အိမ်ခြေ (၁၈) အိမ်၊ လူဦးရေ( ၉၀)၊ တောင်ပုလဲကျေးရွာတွင် အိမ်ခြေ (၂၀)၊ လူဦးရေ (၁၀ဝ)၊ တမိုင်တောင်ကျေးရွာတွင် အိမ်ခြေ(၂၅) အိမ်၊ လူဦးရေ (၁၀၆)၊ နတ်အိမ်တောင်ကျေးရွာတွင် အိမ်ခြေ(၃၀)၊ လူဦးရေ(၁၂၀)၊ ပုလောကုန်းကျေးရွာတွင် အိမ်ခြေ (၅၅) အိမ်၊ လူဦးရေ(၁၈၀)၊ ရှမ်းဒွတ်ကျေးရွာအုပ်စုရှိ ရေရှမ်းကျေးရွာတွင် အိမ်ခြေ (၄၅) အိမ် ၊ လူဦးရေ (၁၈၀) ဦး စုစုပေါင်း အိမ်ခြေ (၁၉၃) အိမ်၊ လူဦးရေ (၇၇၆) ဦးရှိကြောင်း၊ အဆိုပါကျေးရွာများရှိ အခြေခံပညာကျောင်း (၁၃)ကျောင်း ပိတ်ထားကြောင်း၊ ရေဘေးသင့်ပြည်သူများသည် တစ်ချို့က ဆွေမျိုးအိမ်များနှင့် ဘုန်းတော်ကြီးကျောင်းများသို့ ပြောင်းရွေ့နေထိုင်လျက်ရှိပြီး၊ ပုလောကျေးရွာဘုန်းတော်ကြီးကျောင်းနှင့် ရေရှမ်းကျေးရွာ ခရစ်ယာန်ဘုန်းတော်ကြီးကျောင်းများတွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိကြောင်း သိရသည်။
အဆိုပါ ရေကြီးနစ်မြုပ်ကျေးရွာများသို့ တနင်္သာရီတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၊ ဝန်ကြီး ဦးကျော်မင်း၊ ပုလောမြို့နယ် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာ ကော်မတီနှင့် လူမှုရေးအသင်းအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများသွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထူးဝေယံ (ပြန်/ဆက်)


