ထားဝယ် မတ် ၁၆
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၂၀၂၁-၂၀၂၂ ခြောက်လ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၈၇ ဒသမ ၇၂၈ သန်း ဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ နန်းသီလာ ကျေးရွာအုပ်စု၊ မဒေါ-သပြုပြင်ကျေးရွာချင်းဆက် ကျောက်လမ်း ၅/၀မိုင် ပေါ်တွင် ၁၅ပေ သံကူကွန်ကရစ်တံတား တစ်စင်းနှင့် ပေ ၃၀ သံကူကွန်ကရစ် တံတားတစ်စင်းတည်ဆောက်ခြင်းလုပ်ငန်းကို အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရှိရသည်။
အဆိုပါ ကျေးရွာချင်းဆက်လမ်းအား ဘဏ္ဍာနှစ်အလိုက် အဆင့်မြှင့်တင်ဆောင်ရွက်ပေးခဲ့ရာ လိုအပ်သော တံတားများ တည်ဆောက်ပေးခဲ့ခြင်းဖြင့် ကျေးရွာ သုံးရွာ၊ အိမ်ခြေ ၁၅၀၊ လူဦးရေ ၁၀၆၀ အတွက် များစွာအကျိုးပြုသည့် လမ်းပိုင်းဖြစ် သည့်အပြင် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာကာ လူနေမှုအဆင့်အတန်းများ ပိုမိုမြင့်မား လာ၍ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးတက်ကောင်းမွန်လာမည် ဖြစ်ကြောင်းသိရသည်။
ရွှေပင်လယ်(ထားဝယ်)


