ပုလော နိုဝင်ဘာ ၁၅

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်းရှိ ကျေးရွာခြောက်ရွာ၌ ကျေးရွာလူထုကို အခြေပြုအကျိုးပြုနိုင်မည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၂၁-၂၀၂၂ ခု (၆)လဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရန်ပုံငွေမှ ကျေးရွာတစ်ရွာလျှင် ငွေကျပ် သိန်း(၁၀၀)စီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ပုလောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလမင်းချစ်ကိုက ပြောသည်။

 

ပုလောမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းရန်ပုံငွေဖြင့် မြဒေါင်၊ ဥယျာဉ်ကမ်း၊ နတ်အိမ်ကမ်း၊ စက်တော်ရာ၊ လှည်းကျွန်းဝ၊ တော်ဝင် စသည့် ကျေးရွာခြောက်ရွာတွင် စိမ့်စမ်းရေ သွယ်တန်းခြင်းလုပ်ငန်း (၁)ခု၊ ရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်း (၁)ခု၊ ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း (၄)ခု၊ စုစုပေါင်းလုပ်ငန်းခြောက်ခုကို ယခုဘဏ္ဍာရေးနှစ် ကာလအတွင်း၌ အပြီးဆောင်ရွက်ပေးသွားမည်ဟု မြို့နယ်ဦးစီးမှူး ဦးလမင်းချစ်ကိုက ပြောသည်။

 

ထိုသို့ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက အဆိုပါကျေးရွာခြောက်တို့ရှိ အိမ်ခြေ(၂၆၆)အိမ်၊ လူဦးရေ (၁၃၈၉)ဦးတို့အား အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

"ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း VDP ရန်ပုံငွေ တစ်ရွာကို ကျပ်သိန်း ၁၀၀ နဲ့ ကျေးရွာတွေမှာ ပကတိမြေပြင်အခြေအနေအရ အမှန်တကယ်လိုအပ်နေတဲ့ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးလက်နေပြည်သူများကိုယ်တိုင် ဆောင်ရွက်ရမှာဖြစ်ပါတယ်၊ ကျွန်တော်တို့ဌာနက သတ်မှတ်စံချိန်စံညွှန်း ပြည့်မီရေး နည်းပညာပိုင်းဆိုင်ရာများကို ကြပ်မတ်ဆောင်ရွက်ပေးသွားပါမယ်။ ကျေးရွာတွေမှာ အမှန်တကယ်လိုအပ်ချက်ရှိတဲ့ လုပ်ငန်းများကို ဦးစားပေးစီမံချက်များ ရေးဆွဲပြီးသက်ဆိုင်ရာ ဌာနများနဲ့ ပေါင်းစပ်ညှိနှိုင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမှာပါ" ဟု မြို့နယ်ဦးစီးမှူး ဦးလမင်းချစ်ကိုက ပြောသည်။

 

အဆိုပါစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မည့် ကျေးရွာခြောက်ရွာမှ ဒေသခံပြည်သူများအား ပုလောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလမင်းချစ်ကိုနှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက နိုဝင်ဘာ ၁၄ ရက်မှ စတင်ကာ ကျေးရွာအရောက် ကွင်းဆင်းကာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအကြောင်းနှင့် ပတ်သက်၍ မိတ်ဆက်ရှင်းလင်းခြင်းနှင့် (VDP) စီမံကိန်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ကျေးရွာသူ၊ ကျေးရွာသားများအား ပိုစတာနှင့်တကွ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ကော်မတီဝင်များကို ကျေးရွာသူ၊ ကျေးရွာသားများ၏ သဘောဆန္ဒနှင့်အညီ ကျေးရွာအလိုက် ရွေးချယ်ပေးခဲ့ကြသည်။

 

ပုလောမြို့နယ်တွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အထိ ကျေးရွာပေါင်း(၆၅)ရွာတွင် ကျေးလက်ရေရရှိရေးလုပ်ငန်း၊ ကျေးရွာတွင်းလမ်း ကွန်ကရစ်/ ဂဝံလမ်းခင်းခြင်းလုပ်ငန်း၊ စာသင်ကျောင်းဆောင် တိုးချဲ့၊ ပြုပြင်ခြင်းနှင့် ခြံစည်းရိုးကာရံရန်ခြင်းလုပ်ငန်း (၆၅)ခုကို ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်းနှင့် အဆိုပါကျေးရွာများရှိ အိမ်ခြေ(၁၀၅၈၆)အိမ်၊ လူဦးရေ(၅၂၇၇၇)ဦးတို့အား အကျိုးပြုနိုင်ခဲ့ကြောင်း ပုလောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလမင်းချစ်ကို၏ ပြောပြချက်အရ သိသည်။

 

မြင့်ဦး(မြိတ်)