ပုလော၊ ၂၅ ဇန်နဝါရီ
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အလှူငွေမှ NOUL မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးသွားခဲ့သော တာတမံပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနားကို ဇန်နဝါရီ ၂၅ ရက် နံနက် ၉ နာရီခွဲက ပုလောမြို့နယ်ခန်းမ၌ ပြုလုပ်သည်။
အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်မင်းက နိုင်ငံတော် အစိုးရအနေဖြင့် ဒေသခံတောင်သူတို့၏ လိုအပ်ချက်ကို အတတ်နိုင်ဆုံး ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ရရှိလာသော ရန်ပုံငွေများ သုံးစွဲရာတွင် သက်ဆိုင်ရာ ဌာနဆိုင်ရာနှင့် ပြည်သူများအနေဖြင့် မြေပြင်ရဲ့အခြေအနေမှန်ကို ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ပုလောမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၂၀ ရက်တွင် မိုးသည်းထန်စွာရွာသွန်း၍ (NOUL မုန်တိုင်း ဒဏ်ကြောင့်) ပျက်စီးဆုံးရှုံးခဲ့သော တာတမံများ ပြုပြင်ရန် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လက္ကူးကျေးရွာအုပ်စုကို ငွေကျပ် ၃၃၈ ဒသမ ၆ သိန်း၊ ရှပ်ပုံကျေးရွာအုပ်စုကို ငွေကျပ် ၁၆၂ ဒသမ ၇ သိန်း၊ တောင်ယာကမ်းကျေးရွာအုပ်စုကို ငွေကျပ် ၂၈ ဒသမ ၅ သိန်း၊ ပလအမှတ်(၄)ရပ်ကွက်ကို ငွေကျပ် ၅၆ ဒသမ ၁ သိန်း၊ ခန္တီကျေးရွာအုပ်စုကို ငွေကျပ် ၆၄ ဒသမ ၁ သိန်း၊ ပြင်ဘုကြီးကျေးရွာအုပ်စုကို ငွေကျပ် ၄ ဒသမ ၈ သိန်း၊ ကျောက်လုံးကြီးကျေးရွာအုပ်စုကို ငွေကျပ် ၈ ဒသမ ၆ သိန်း၊ မလိကျေးရွာအုပ်စုကို ငွေကျပ် ၅ ဒသမ ၈ သိန်း၊ ဇရပ်ဆိပ်ကျေးရွာအုပ်စုကို ငွေကျပ် ၁၂၆ ဒသမ ၈ သိန်း၊ လိပ်သောင်ကျေးရွာအုပ်စုကို ငွေကျပ် ၂ ဒသမ ၃ သိန်း၊ မကျည်းကုန်းကျေးရွာအုပ်စုကို ငွေကျပ် ၂၅ ဒသမ ၇ သိန်း စုစုပေါင်း ငွေကျပ် ၈၂၄ သိန်းကို ထောက်ပံ့ရာ တာဝန်ရှိသူများက သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများအား ပေးအပ်ခဲ့ကြောင်း သိရသည်။
အေးအေးမော်(ပြန်/ဆက်)


