mdn

နေပြည်တော် ၁၈ ဇွန်

 

ကိုဗစ်-၁၉ ရောဂါကြောင့် ကမ္ဘာတစ်ဝန်း လူပေါင်းလေးသိန်းကျော် သေဆုံးခဲ့ပြီ။ ကူးစက်မှုများကတော့ ရပ်တန့်မသွားသေး။ ဘယ်အချိန်မှာ ရပ်တန့်သွားမှာလဲ၊ ကာကွယ်ကုသပျောက်ကင်းတဲ့ဆေးကရော ဘယ်တော့ ပေါ်မှာလဲ မည်သူမှ ရေရေရာရာမသိ၊ အတတ်ပြောနိုင်သူမရှိ။ အချိန်ကြာလာတော့ လူတွေသိပ်ဂရုမစိုက်ချင်တော့၊ ကူးစက်မှုလျော့ကျလာပြီဆိုသည်နှင့် ကန့် သတ်မှုများဖြေလျှော့ပေးလာကြ၏။ ဖြေလျှော့မပေးလို့လည်းမဖြစ်၊ ဘယ်အချိန်၊ ဘယ်ကာလမှပျောက်ကင်းမှန်းမသိသည့်ရောဂါတစ်ခုကြောင့် သွားရေး၊ လာရေး၊ လုပ်ငန်းကိုင်ငန်း၊ စီးပွားရေးလုပ်ငန်းများကို အချိန် အကြာကြီးရပ်ထားဖို့ဆိုတာ မဖြစ်နိုင်၊ အရင်လိုအခြေအနေ ပြန်ရောက်ဖို့ ဆိုသည်မှာလည်း မမျှော်မှန်းနိုင်တော့။ ဒီအတွက်ကြောင့်ပင် new normal ဟုခေါ်သည့် နေမှုထိုင်မှုပုံစံအသစ်၊ သွားမှုလာမှုပုံစံအသစ်၊ အလုပ်လုပ် ကိုင်မှုပုံစံအသစ်တို့ဖြင့် နေထိုင်လာရသည်။ ပုံမှန်မဟုတ်တော့သော ပုံမှန် အသစ်များပင်ဖြစ်သည်။

 

မြန်မာနိုင်ငံအနေဖြင့် လတ်တလောအခြေအနေတွင် စားသောက်ဆိုင် များ၊ လက်ဖက်ရည်ဆိုင်များကို သတ်မှတ်စည်းကမ်းများနှင့်အညီ ဖွင့်လှစ်ရောင်းချစေခဲ့၏။ အရင်လို ပျော်ပျော်ပါးပါး စည်စည်ကားကား မဟုတ်၊ သွားသုတ်သုတ် လာသုတ်သုတ်၊ စားသုတ်သုတ်နှင့် တစ်ခါတရံ နှာခေါင်းစည်းမဖြုတ်ဘဲ လက်ဖက်ရည် သောက်မိသည်အထိ တက်သုတ်ရိုက်နေ၏။ အချို့ကျတော့လည်း မကြောက်ကြ၊ လက်ဖက်ရည်ဆိုင်ထိုင်ရ သည်ကိုပင် ပုံမှန်အခြေအနေပြန်ရောက်သလို မဟာဆုလာဘ်ကြီးသဖွယ် ပြုမူနေထိုင် နေကြ၏။ နဂိုပုံစံအတိုင်း သွားလာလှုပ်ရှား နေထိုင်နေကြသူများ ကိုလည်း တွေ့ရ၏။

 

မြန်မာနိုင်ငံတွင် လက်ရှိအခြေအနေအရ ကိုဗစ်-၁၉ ကာကွယ်။ ထိန်းချုပ်ရေးလုပ်ငန်းများကို ညင်သာ ပျော့ပျောင်းစွာ ကိုင်တွယ်ထိန်းချုပ် ထားနိုင်သည်ဟု ဆိုနိုင်၏။ ပြည်တွင်းကူးစက်မှုမရှိသလောက်နည်းနေပြီး ပြည်ပမှပြန်ဝင်လာသူများတွင်သာ ရောဂါကူးစက်မှုရှိနေသည်ကို တွေ့ရ၏။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ မေလ ၁၈ ရက်နေ့နောက်ပိုင်း ပြည်ပမှပြန်လည်ဝင်ရောက်လာသူများ အနက် ၇၀ ကျော်တွင် ပိုးတွေ့ရှိကြောင်း၊ အိန္ဒိယမှပြန်လည်ဝင်ရောက်လာသူများတွင် အများဆုံးတွေ့ရှိကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု ထိန်းချုပ်ရေးလုပ်ငန်းကို မိမိ၏အရေး၊ မိမိ၏မိသားစုနှင့် နိုင်ငံသားအားလုံး၏အရေးကိစ္စဟုသဘောထားယူဆကာ ပြုမူကျင့်ကြံဆောင်ရွက်ကြပါက ကိုဗစ်-၁၉ ရောဂါကို အမြန်ဆုံး ထိန်းချုပ် နိုင်မည်ဖြစ်ကြောင်း တိုက်တွန်းနှိုးဆော်ထားသည်။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း“ယခုပထမ covid လှိုင်းကို ကျွန်မတို့အောင်မြင်စွာ ကျော်ဖြတ်ခဲ့ပါပြီ။ ဒုတိယက ပိုခက်ခဲမယ်လို့ ခန့်မှန်းတာတွေရှိပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် အကောင်းဆုံးကိုမျှော်လင့် ပြီး အဆိုးဆုံး အတွက် အသင့်ပြင်ဆင်ထားရပါမယ်”ဟု၎င်း၏ဖေ့စ်ဘွတ်တွင် သတင်းစကားပါးထားသည်ကို တွေ့ရသည်။

 

မိမိတို့ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များ၊ လမ်းညွှန်ချက်များ၊ နှိုးဆော်ချက်များ၊ သိကောင်းစရာများကိုလေ့လာသိရှိထားရန်တိုက်တွန်းလိုပါသည်။ အထူး သဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဖေ့စ်ဘွတ်စာမျက် နှာတွင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သော အကြောင်းအရာများ နေ့စဉ် ဖော်ပြထားသည်ကို လေ့လာကြည့်ရှုရန်တိုက်တွန်းလိုပါသည်။ ထိုအထဲ တွင် လူတို့၏ နေ့စဉ်နေထိုင်မှုဘဝတွင် မည်ကဲ့သို့ကျင့်ကြံနေထိုင်ရမည်ကို ဒီနေ့အတွက်သိကောင်းစရာများဟု ခေါင်းစဉ် တပ်ကာ ဖော်ပြခဲ့သည်မှာ အမှတ်စဉ်အားဖြင့် (၂၇) ခုမြောက်အထိ တွေ့ရသည်။ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်ပြီး အပြင်ထွက်သည့်အခါတိုင်း ဘာကြောင့်ပါးစပ်နှင့် နှာခေါင်းစည်း(mask)တပ်သင့်တာလဲ၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ခြင်း မခံရအောင် အခြားသူများနှင့် ဘာကြောင့်ခြောက်ပေအကွာမှာ နေသင့်တာလဲ။ ဘာကြောင့်စက္ကန့် ၂၀ ကြာအောင် လက်ဆေးသင့်တာလဲ ဆိုသည့်အချက် များအပြင် အခြားကျန်းမာရေးနှင့်ပတ်သက်သော ဆောင်ရန်ရှောင်ရန် သိကောင်းစရာများ ဖော်ပြထားသည်ကို လေ့လာကြည့်ရှုစေလိုပါသည်။

 

ကိုဗစ်-၁၉ ကပ်ရောဂါက လူ့အသက်ပေါင်းများစွာကို နုတ်ယူသွား သလို တစ်ယောက်နှင့်တစ်ယောက်ကိုလည်း ခပ်ခွာခွာ၊ ခပ်စိမ်းစိမ်း ဖြစ်စေသည်။ ဘယ်လိုပင်နှလုံးသားချင်းနီးအောင်နေသော်လည်း နေထိုင်မှု ပုံစံသစ်ကတော့ မနီးနိုင်တော့။ မတတ်သာခပ်ခွာခွာနေရင်း နဂိုမူလအခြေ အနေမဟုတ်သော ပုံမှန်အသစ်များဖြင့် နေ့စဉ်ဘဝ သွားလာလုပ်ကိုင် နေထိုင်မှုပုံစံများကို မပြတ်သောသတိ၊ အသိဖြင့်သာ ယှဉ်တွဲနေထိုင်ကြဖို့ တိုက်တွန်းလိုက်ရပါသည်။ ။

 

ကြေးမုံ