ပုံမှန်အတိုင်းလည်ပတ်နိုင်ရန် ဦးတည်ကြိုးပမ်း

နေပြည်တော် အောက်တိုဘာ ၂

လက်ရှိကာလ၌ အရေးတကာအရေးတို့တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှုန်း ကျဆင်းရေးသည် အရေးအကြီးဆုံး ဖြစ်သည်။ ရောဂါဖြစ်ပွားနှုန်းကျဆင်းလာပြီး စိတ်ချရသည့်အခြေအနေရောက်လျှင် လူမှုစီးပွားဘဝများအားလုံး ပုံမှန်လည်ပတ် နိုင်ပြီး အစစအရာရာအဆင်ပြေလာမည်ဖြစ်သည်။ ယခုအချိန်အခါတွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုကျဆင်းလာသည်ဆိုသော်လည်း စိတ်ချရသည့်အခြေအနေတစ်ခုသို့ မရောက်သေးသဖြင့် အထူးသတိပြုကာ ပိုမိုအလေးထားဆောင်ရွက်ကြရမည် ဖြစ်သည်။

လက်ရှိ၌ ကိုဗစ်-၁၉ တတိယလှိုင်း ဖြစ်ပွားဆဲဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင်လ အတွင်းက အဆိုးရွားဆုံးဖြစ်ပွားခဲ့ကာ ယခုအခါတွင် ရောဂါဖြစ်ပွားနှုန်း ကျဆင်းနေ သည်။ စက်တင်ဘာ ၂၇ ရက်က ဖြစ်ပွားနှုန်း ၇ ဒသမ ၂ ရာခိုင်နှုန်းရှိပြီး စက်တင်ဘာ ၂၉ ရက်က ၈ ဒသမ ၃ ရာခိုင်နှုန်းရှိကာ စက်တင်ဘာလ ၃၀ ရက်က ၈ ဒသမ ၀ ရာခိုင်နှုန်းရှိသည်။ အချို့မြို့နယ်များတွင် ဖြစ်ပွားနှုန်း ဆက်တိုက်ကျဆင်းနေသဖြင့် stay at Home သတ်မှတ်ထားမှုကို ဖြေလျှော့ပေးခဲ့သည်။ အချို့မြို့နယ်များမှာမူ ဖြစ်ပွားနှုန်း မကျဆင်းသေးဘဲရှိနေသည်။ တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့်မူ ဖြစ်ပွားနှုန်းကျဆင်းနေပြီး နိုင်ငံတော်အစိုးရက ရောဂါကူးစက်မှု ငါးရာခိုင်နှုန်း အောက်ကျဆင်းစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ကိုဗစ်-၁၉ရောဂါကူးစက်မှုအခြေအနေကိုမျက်ခြည်မပြတ်စောင့်ကြပ်ကြည့်ရှု စစ်ဆေးလျက်ရှိပြီး စတုတ္ထလှိုင်းဖြစ်ပွားလာပါကလည်း ကြိုတင်ပြင်ဆင် ဆောင် ရွက်လျက်ရှိသည်။ ထို့ကြောင့် ကိုဗစ်နှင့်ပတ်သက်၍ လိုက်နာရမည့်စည်းကမ်းများကို တစ်ဦးချင်း ဆက်လက်ဆောင်ရွက်ကြရန် လိုအပ်သည်။ ပြည်သူများအနေဖြင့် ကိုဗစ်ရောဂါဖြစ်ပွားနေဆဲကာလတွင် မိမိတို့၏လူမှုစီးပွားဘဝများ ပုံမှန်လည်ပတ် နိုင်အောင် သတိထားဆောင်ရွက်လျက်ရှိပြီး အထူးသဖြင့် လူငယ်လူရွယ်များ အနာဂတ်မပျောက်အောင် ကျောင်းများပုံမှန်ဖွင့်လှစ်နိုင်ရေးသည် အရေးကြီးသဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနှုန်းကျဆင်းမှုအပေါ်မူတည်၍ ကျောင်းများပြန်လည် ဖွင့်လှစ်နိုင်အောင် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေသည်ကို တွေ့ရသည်။ 

ယခုအချိန်၌ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများအဆက်မပြတ်ရောက်ရှိနေပြီး ဦးစားပေးအုပ်စုအလိုက် ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ကာကွယ်ဆေးထိုးနှံထားခြင်းသည် ရောဂါကူးစက်မှုကို လျှော့ချနိုင်ပြီး စိတ်ချရ သောအခြေအနေရှိသောကြောင့် ကာကွယ်ဆေးထိုးနှံခြင်းကို အသိတရားဖြင့် တက်ကြွစွာ ပါဝင်ဆောင်ရွက်နေကြပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်အကုန် ဒီဇင်ဘာလတွင် အသက် ၁၈ နှစ်အထက် လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကို ကာကွယ် ဆေးထိုးနှံပြီးဖြစ်အောင် ရည်မှန်းဆောင်ရွက်လျက်ရှိသည်။ ယခုအခါ ရောဂါပိုး ကူးစက်ပြန့်ပွားနှုန်းသည်ယခင်ကလောက်မပြင်းထန်တော့ဘဲ နေ့စဉ်ကူးစက်မှုနှုန်း ရှစ်ရာခိုင်နှုန်းနှင့် ခုနစ်ရာခိုင်နှုန်းကြား ကျဆင်းနေသည့်အတွက် ကျောင်းသား ကျောင်းသူများ စာသင်နှစ်တစ်နှစ် မဆုံးရှုံးစေရန် အောက်တိုဘာလအလွန်တွင် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်အောင် ပြင်ဆင်လျက်ရှိသည်။ 

ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်း ဒယ်လ်တာပိုး ကူးစက်ပြန့်ပွားမှုတွင် နိုင်ငံတချို့ရှိ ကလေးသူငယ်အချို့၌ ကူးစက်မှုဖြစ်ပေါ်ခဲ့ပြီး တရုတ်နိုင်ငံထုတ် စင်နိုဗစ်ကာကွယ်ဆေးကို ထိုးနှံထားခြင်းဖြင့် ကလေးသူငယ်များ ဘေးထွက် ဆိုးကျိုးနည်းပါးစွာဖြင့် ကာကွယ်နိုင်သည်ဟု သိရသည်။ အကယ်၍ ရောဂါကူးစက် ခံရပါက ရောဂါပြင်းထန်စွာခံစားရမှုကို ထိထိရောက်ရောက်လျှော့ချနိုင်သည့် အကျိုးကျေးဇူးများရှိကြောင်းသိရသည်။ ယခုအခါ အဆိုပါကာကွယ်ဆေးကို ကလေးငယ် နှင့်လူငယ်များအား ထိုးနှံပေးလျက်ရှိရာ တရုတ်နိုင်ငံ၌ အသက် သုံးနှစ်မှ ၁၇ နှစ်ကြား ၆၃ သန်းကိုလည်းကောင်း၊ ချီလီနိုင်ငံ၌ အသက် ၁၂ နှစ်မှ ၁၇ နှစ်ကြားရှိ ကလေးလူငယ် ၁၁ သိန်းကျော်ကိုလည်းကောင်း၊ ကမ္ဘောဒီယားနိုင်ငံ၌ အသက် ခြောက်နှစ်မှ ၁၇ နှစ်ကြား ၃ သိန်း ၅ သောင်းကျော်ကို လည်းကောင်း ကာကွယ် ဆေး စိတ်ချလက်ချ ထိုးနှံပေးပြီးဖြစ်ကြောင်းသိရသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် လည်း ရောဂါဖြစ်ပွားနှုန်း သိသာစွာကျဆင်းလာမည့် မကြာမီကာလတွင် ကလေး လူငယ်များအား ကာကွယ်ဆေးထိုးနှံပေးပြီး ပညာဆက်လက်သင်ကြားနိုင်အောင် ဆောင်ရွက်မည်ဟုသိရသည်။ 

သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနှုန်း ကျဆင်းလာနေပြီး ပြည်သူများ လူမှုစီးပွားဘဝ ပုံမှန်လည်ပတ်အောင် ဆောင်ရွက်လျက်ရှိရာ ကလေး သူငယ် လူငယ်လူရွယ်များ အနာဂတ်မျှော်လင့်ချက်ရောင်ခြည် ပေါ်ထွက်လာအောင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းသား ကျောင်းသူ များအားလုံး ကာကွယ်ဆေးထိုးနှံရေးစီမံချက်ကို ထိရောက်အောင်မြင်စွာ ဆောင် ရွက်နိုင်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

ကြေးမုံ