၁၁ ဇွန်
၂၀၁၇ ခုနှစ်က မြန်မာရုပ်ရှင်လောက၏ ထိပ်တန်းစတား မင်းသားတစ်လက်ဖြစ်သည့် အကယ်ဒမီနေတိုးနှင့် ဂီတလောက၏ ထိပ်တန်းစာရင်းဝင် ရွှေထူး တို့ နှစ်ဦးကို Myanmar Media 7 ထုတ်လုပ်ရေးမှ ဇာတ်ကားများနှင့် အနုပညာလုပ်ငန်းများ လုပ်ဆောင်ရိုက်ကူးရန် စာချူပ်ချုပ်ဆိုခဲ့သည်။
မကြာမီက ရုံတင်သွားသည့် ဒါရိုက်တာသားညီ ရိုက်ကူးသော " ပက်ပက်စက်စက်ညှို့ " ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးခဲ့သူ၊ နေတိုး၊ ရွှေထူးနှင့် အလှမယ် မိုးစက်ဝိုင်တို့ ပါဝင်သရုပ်ဆောင်ခဲ့ရာတွင် အောင်မြင်ခဲ့သည့်အတွက် ဒုတိယမြောက် ဇာတ်ကားအဖြစ် " အဆိုတော်ရွှေထူး အဓိက ပါဝင်သရုပ်ဆောင်မည့် " နှလုံးသားတံခါးကို ထွက်ချည် ဝင်ချည်လုပ်တဲ့ ဧည့်သည် " အမည်ရ ဇာတ်ကားကို ယခုလတွင် သရုပ်ဆောင် ရွှေမှုံရတီ၊ နေခြည်ဦး တို့နှင့်အတူ ရိုက်ကူးနေကြောင်း ဒါရိုက်တာ ဝေမင်းမောင်ထံက သိရှိရသည်။
" ကျွန်တော်တို့ Media7 က နာမည်ကြီး အနုပညာရှင်တွေ တော်တော်များနဲ့ ဇာတ်ကားတွေ ရိုက်ကူးခဲ့တာ ရှိပါတယ်။ အဲဒီလိုရိုက်ကူးခဲ့တာမို့ ပရိသတ်အားပေးမှုတွေ အများကြီး ရခဲ့ပါတယ်။ မကြာမီက ရွှေထူးနဲ့ နေတိုးကို စာချုပ်ချုပ်ပြီး ရိုက်ကူးမှုတွေ ကြော်ငြာပိုင်းတွေ အားလုံးအောင်မြင်စွာ လုပ်ဆောင်ခဲ့ပါတယ်။ ဒါကြောင့် လာမယ့် ၂၀၁၉-၂၀ မှာလည်း စာချုပ်ချုပ်ဖို့ ပြင်ဆင်နေပါတယ်။ ဒီဇာတ်ကား နှစ်ကားပြီးသွားရင် ဒဏ္ဏာရီမိုးဆိုတဲ့ ဇာတ်ကားရိုက်ကူးဖို့ ပြင်ဆင်နေပါတယ်။ ဇာတ်လမ်း မိုးနီဖြစ်ပြီး သရုပ်ဆောင် ရဲတိုက်၊ ရွှေထူး၊ ဒေါင်း၊ ဝတ်မှုံရွှေရည်တို့က သရုပ်ဆောင်ထားတယ်”ဟု Media 7 မှ ကိုရွှေမန်း က ပြောသည်။
လတ်တလော ရုပ်ရှင်လောကကို လှုပ်ခတ်စေခဲ့သည့် မုဒြာခေါ်သံ၊ ဥပါယ်တံမျဉ်၊ ဒုဋ္ဌဝတီလွန်၍ စသည့် ဇာတ်ကားများအကြောင်းနှင့် တစ်လတစ်ကား ရိုက်ကူးနေသည့် ဈေးကွက်အပေါ်" အသိုက်အဝန်း အနေနဲ့ကတော့ အကောင်းဘက်ကို ဦးတည်နေတာလို့ ပြောလို့ရပါတယ်၊ ပုံမှန်အနေထားလောက် ရိုက်ထားတဲ့ ဇာတ်ကားလောက်က နောင်ဆို တိုးဖို့ မလွယ်ကူတော့ပါဘူး၊ ပရိသတ်ကလည်း အရင်လို မရတော့ဘူး၊ ဇာတ်ကားတစ်ကားကို ဘယ်လို ကြိုးစားထားသလဲဆိုတာ သိလာတဲ့အတွက် ထုတ်လုပ်ရေးပိုင်းတွေက ကြိုးစားအားထုတ်မူ ပိုပြီးမြှင့်မှသာ ရေရှည်ရပ်တည်နိုင်မှာပါ။ နောက်ပိုင်း မြန်မာရုပ်ရှင် ဇာတ်ကားအချို့ ဆိုးရွားနေတာ တွေ့ရတယ်။ ကျွန်တော်တို့ကလည်း ပိုပြီး အားစိုက်ဖို့ လိုလာတယ်။ စိန်ခေါ်မူတွေ များများရှိလေ ကိုယ့်အတွက် ပိုကြိုးစားမှု ရှိလေလေပါ။ စိန်ခေါ်မှုတိုင်းကို လက်ကမ်းကြိုဆိုပါတယ် " ဟု ၎င်းကပြောသည်။
ယခုနောက်ပိုင်းတွင် ဇာတ်ကားများသည် ဇာတ်အိမ် ရှားပါးလာခြင်းကြောင့်လည်းကောင်း၊ ဇာတ်ကားရိုက် ကူးမှုများကို ထုတ်လုပ်ရေးပိုင်းက အများအပြား ရိုက်ကူးမှုကြောင့်လည်းကောင်း၊ အများနှင့်မတူအောင် ကွဲထွက်ရန် ကြိုးစားနေရသောကြောင့် လည်းကောင်း ဇာတ်လမ်းရှားပါးနေကြောင်း သိရသည်။
ကိုလင်း