ရန်ကုန်  ၁  ဇွန်

မြန်မာနိုင်ငံတစ်ဝန်းရှိ ကာကွယ်ဆေးထိုးအစီအစဉ်များ ပြန်လည်စတင်မှုကို ပံ့ပိုးရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ငွေကြေးပံ့ပိုးမှုဖြင့် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) မှတစ်ဆင့်ဝယ်ယူထားသော ပုံမှန်ကာကွယ်ဆေးထိုး ဆေးဝါးပစ္စည်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ကိုဗစ်-၁၉ ရောဂါပိုးစမ်းသပ်ကိရိယာ (test kits) များ သယ်ဆောင်လာသော အထူးလေယာဉ်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသည်။

အဆိုပါ အထူးလေယာဉ်သည် UNICEF ၏ အစီအစဉ်ဖြင့် ရောက်ရှိလာခြင်းဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကမ္ဘာ့ကပ်ရောဂါ တိုက်ဖျက်ရေးဆောင်ရွက်မှုများနှင့် ရောဂါပိုးကို အရှိန်မြှင့်ပြီး ပိုမိုစစ်ဆေးနိုင်ရန်အတွက် UNICEF ၏ စဉ်ဆက်မပြတ် ပံ့ပိုးမှုများမှ အစိတ်အပိုင်းတစ်ရပ်အဖြစ်  ရောက်ရှိလာခြင်းဖြစ်သည်။

 

mdn

 

အထူးလေယာဉ်ဖြင့် ရောက်ရှိလာသည့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများမှာ ကိုဗစ်-၁၉ ရောဂါပိုး စမ်းသပ်ကိရိယာ (test kits) အခုရေ ၁၀၀၀၀ နှင့် ပုံမှန်ကာကွယ်ဆေး ပမာဏ ၁ ဒသမ ၁၆ သန်းဖြစ်ပြီး အဆိုပါ ဆေးဘက်ဆိုင်ရာ ပစ္စည်းများကို UNICEF ၏အစီအစဉ်ဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရှိ သက်ဆိုင်ရာဌာနများသို့ပို့ ဆောင်သွားမည်ဖြစ်သည်။

ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်အတွက် ကာကွယ်ဆေးများ ရောက်ရှိလာရေးကို ကူညီပေးရန်  UNICEF အနေဖြင့် မြန်မာနိုင်ငံအစိုးရ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ Gavi (Global Alliance for  Vaccines and Immunisation) အဖွဲ့တို့အပြင် အခြားမိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း UNICEF ၏သတင်းထုတ်ပြန် ချက်အရ သိရသည်။

အလားတူ UNICEF အနေဖြင့် Gavi အဖွဲ့၏ ထောက်ပံ့မှုဖြင့် မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ကိုဗစ်-၁၉ ရောဂါပိုး စမ်းသပ်ကိရိယာ (test kits) နှင့် ဆက်စပ်ပစ္စည်းများကို မေလအတွင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ထောက်ပံ့ကူညီခဲ့သည့်အပြင် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) ကလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ပတ်သက်သည့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို ထောက်ပံ့ကူညီမှုများပြုလုပ်ခဲ့သည်။

ထို့အတူ မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် အိန္ဒိယ၊ တရုတ်၊ ကိုရီးယား၊ စင်ကာပူနှင့် ဂျပန်နိုင်ငံတို့ကလည်း ဆေးဝါး၊ စက်ပစ္စည်းနှင့် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများအား ထောက်ပံ့ကူညီ လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်