နေပြည်တော် ၁၄ မေ

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေချိန်၌ ပုံမှန်ကာကွယ်ဆေးထိုး/ ဆေးတိုက်အစီအစဉ်ကို ဧပြီ(၁)ရက်မှ စတင်ရပ်ဆိုင်းခဲ့ရာမှ မေ ၁၃ ရက်အထိ COVID-19 ရောဂါဖြစ်ပွားမှု အခြေအနေအပေါ်မူတည်၍ ပုံမှန်ကာကွယ်ဆေးထိုး/ ဆေးတိုက် အစီအစဉ်ကို ပြန်လည်စတင်သွားမည်ဖြစ်သည်။

 

မေလ ၁၈ ရက်တွင် စတင်၍ ဗဟိုအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဆေးရုံများတွင် လည်းကောင်း၊ ဇွန်လ ၁ ရက်မှစတင်၍ မြို့နယ်အဆင့်အောက် တိုက်နယ်/ မိခင်ကလေး/ ဒေသန္တရ/ မြို့မ/ ကျေးလက်ကျန်းမာရေးဌာနများနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ/ ရပ်ကွက်/ ကျေးရွာများတွင် ဆောင်ရွက်သွားမည်ဖြစ်သည်။ ဧပြီလနှင့် မေလတွင် ကာကွယ်ဆေးမထိုးခဲ့ရသည့် ကလေးများကိုပါ ပြန်လည်ထိုးနှံ၊ တိုက်ကျွေးပေးမည်ဖြစ်ရာ ပုံမှန်ကာကွယ် ဆေးထိုးသည့် အခြေအနေသို့ အမြန်ဆုံးပြန်လည်ရောက်ရှိစေရန် စတင်ထိုးနှံသည့်အချိန်တွင် ပြည်သူ့ဆေးရုံများနှင့် မိခင်ကလေး/ ဒေသန္တရ/ မြို့မကျန်းမာရေးဌာနများတွင် ရက်သတ္တပတ် တစ်ပတ်လျှင် (၅)ရက်ဖြင့် ရက်သတ္တပတ် (၂)ပတ်ဆက်တိုက် ဆောင်ရွက်သွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် ရက်သတ္တပတ် တစ်ပတ်လျှင် အနည်းဆုံး(၁)ရက်ဖြင့် ဆက်လက်ထိုးနှံတိုက်ကျွေးသွားမည် ဖြစ်သည်။ ကာကွယ်ဆေးထိုးစုရပ်များတွင် ကာကွယ်ဆေးထိုးနှံပေးခြင်းအပြင် မိခင်နှင့်ကလေး ကျန်းမာရေးအသိပညာပေးခြင်း၊ ကလေးအာဟာရ ဖွံ့ဖြိုးရေးလုပ်ငန်းများကိုပါ တွဲဖက်ဆောင်ရွက်သွားမည်ဖြစ်သည်။

 

မိဘ/ အုပ်ထိန်းသူများအနေဖြင့် ကာကွယ်ဆေးလာရောက်ထိုးနှံချိန်တွင် ရည်မှန်းကလေးငယ်များအားလုံး တစ်ယောက်မကျန် မရရှိခဲ့သေးသော ကာကွယ်ဆေးများ အပြည့်အဝရရှိစေရန်နှင့် လူစုလူဝေးမဖြစ်စေဘဲ ဘေးအန္တရာယ်ကင်းစွာ ကာကွယ်ဆေးထိုးနှံ/ တိုက်ကျွေးပေးနိုင်ရန်အတွက် ညွှန်ကြားချက်များကို တိကျစွာလိုက်နာကြ၍ ကာကွယ်ဆေးထိုးစုရပ်များသို့ လာရောက်ကြပါရန် တိုက်တွန်းနှိုးဆော်ထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

 

သတင်းစဉ်

 

ကာကွယ်ဆေး