ပုံမှန်ဝင် ငွေဖော်ဆောင်ပေးနေသော  မန္တလေးမြို့မှ မြန်မာ့ရိုးရာ ရွှေထီးလုပ်ငန်း

မန္တလေး ၁၀ စက်တင်ဘာ


မန္တလေးမြို့တွင် မြန်မာ့ရိုးရာ ပန်းဆယ်မျိုးနှင့်အတူ အခြားလက်မှုလုပ်ငန်းများကို တွင်ကျယ်စွာပြုလုပ်ပြီး ဒေသအနှံ့ဖြန့်ချီပေးလျက်ရှိရာ မြန်မာ့ရိုးရာ ရွှေထီးလုပ်ငန်း လုပ်ကိုင်သူများမှာလည်း တစ်နှစ်ပတ်လုံး ပုံမှန်ဝင်ငွေရရှိလျက်ရှိသည်။ ရွှေထီးလုပ်ငန်းမှာ ကိုယ်ပိုင်လက်မှုလုပ်ငန်းများဖြစ်ပြီး ဝါးဖြင့်ပြုလုပ်သော လုပ်ငန်းဖြစ်သည်။


မြန်မာ့ရိုးရာ ရွှေထီးပြုလုပ်ရန်အတွက် တင်းဝါးများကို အသုံးပြုရသည်။ ထီးပြုလုပ်ရန်အတွက် တင်းဝါးကို လိုအပ်သည့်ပေအတိုင်းအတာများ ရရှိစေရန် ဖြတ်ပေးရသည်။ အများစုမှာ ထီးအရွယ်အစားအလိုက် ၁၄ လက်မ၊ ၁၅ လက်မ၊ ၁၆ လက်မမှ ၁၈ လက်မအထိ တိုင်းတာကာ ဖြတ်ကြရသည်။ ဝါးကိုဖြတ်ပြီးသည်နှင့် ဓါးဖြင့်ခြမ်းကာ ထီးအလက်နှင့် ဒေါက်စိပ်ခြင်းလုပ်ငန်းကို လုပ်ကိုင်ကြရသည်။ ထီးအလက်နှင့် ဒေါက်များရရှိသည်နှင့် အပေါ်မှဝါးကျောများကို ဖယ်ထုတ်ပစ်ကြရသည်။ ဝါးကျောပါဝင်နေပါက ကော်မစွဲသည့်အတွက် ဝါးကျောဖယ်ထုတ်ရခြင်းပင်ဖြစ်သည်။


ထီးအလက်နှင့်ဒေါက်များကို သရော်သား လက်ပံသားဖြင့် ပြုလုပ်ထားသည့် ထီးခေါင်းနှင့် အောက်ခံအချာတွင် ဒေါက်ပေါက် အလက်ပေါက်များ ဖောက်ကာ ချိတ်ဆက်ပေးကြရသည်။ အများစုမှာ ၃၆ လက် ၃၆ ပေါက်ပါရှိသည်။ ဒေါက်များ အလက်များ တပ်ဆင်ပြီးပါက အပ်ချည်ကြိုးဖြင့် သီကြရသည်။ အပ်ချည်ဖြင့် သီဖွဲ့ရာတွင် ငါးချောင်းခြားကာ နှစ်ချောင်းပူး အနေအထားဖြင့် သီဖွဲ့ကာရက်လုပ်ကြရသည်။ ဒေါင်းအထိုင်နှင့် အချာများကိုလည်း ကြိုးများဖြစ်ရစ်ပတ်ကာ ရက်လုပ်ကြရသည်။ 


မြန်မာ့ရိုးရာ ရွှေထီးပြုလုပ်ရာတွင် အကြမ်းထည်ပြုလုပ်ခြင်းနှင့် အနက်ထည် ပြုလုပ်ခြင်းဆိုသော လုပ်ငန်းပိုင်း နှစ်ပိုင်းပြုလုပ်ရသည်။ လက်ရှိကာလတွင် မြန်မာ့ရိုးရာရွှေထီး အကြမ်းထည်လုပ်ကိုင်သူ တစ်ဦးတစ်နေ့လျှင် ထီးအလက် ၂၀ ကျော် ပြီးသည်။ အကြမ်းထည်သမားများမှ အနက်ထည်နှင့် ရွှေထီးများပြုလုပ်ကာ ရွှေချပြီး ပြန်လည်ရောင်းချရသည်။ 


လက်ရှိ စက်တင်ဘာလမှ စတင်ကာ ရွှေထီးလုပ်ငန်းပိုမို တွင်ကျယ်စွာ ပြုလုပ်လာရသည်။ မန္တလေးမြို့တွင် မြန်မာ့ရိုးရာရွှေထီး အကြမ်းထည်ပြုလုပ်သူများ  တစ်နှစ်ပတ်လုံး ပုံမှန်ဝင်ငွေရရှိလျက်ရှိပြီး တစ်ဦးလျှင် အနည်းဆုံးတစ်နေ့ ငွေကျပ်ငါးထောင်ကျော်မှ ခြောက်ထောင်ကျော်အထိ ရရှိကြောင်း   မဟာအောင်မြေမြို့နယ် အကွက် ၈၄၀၊ ရွှေဘုန်းရှိန်ရပ်ကွက်ရှိ ရွှေထီးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောပြသည်။          

                                                                           
တိမ်တမန်