မန္တလေး ၉ အောက်တိုဘာ

မန္တလေးမြို့၊ မြရည်နန္ဒာမြို့သစ်တွင်  အိမ်တွင်းမှု ခေါင်းအုံးစွပ်ချုပ် လုပ်ငန်း၊ ခေါင်းအုံးချုပ် လုပ်ငန်း၊ ဖက်လုံးချုပ် လုပ်ငန်းများ လုပ်ကိုင်ပြီး တစ်နှစ်ပတ်လုံး ပုံမှန်ဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။

အိမ်တွင်းမှုခေါင်းအုံးစွပ်ချုပ် လုပ်ငန်းအတွက် ပြည်ပမှတင်သွင်းသည့်  ပိတ်စရောင်စုံကို အားထား အသုံးပြုကြရပြီး အများအားဖြင့် ချည်ထည်၊ ဂျင်းထည် ဒေသအခေါ် စီကေထည်များကို အများဆုံး အသုံးပြုကြကြောင်း သိရသည်။ ခေါင်းအုံးစွပ် အရွယ်အစားများကို အနံ ၂၂ လက်မ၊ ၂၄ လက်မ၊ ၂၇ လက်မ၊ အလျား ၁၅ လက်မ၊ ၁၈ လက်မ အရွယ်အစားများအဖြစ် ချုပ်ပေးရပြီး လူတစ်ဦးလျှင် တစ်နေ့ခေါင်းအုံးအစွပ် အလုံး ၁၀၀ ကျော်ပြီးစီးသည်။ တစ်လုံးလျှင် ချုပ်ခငွေကျပ် ၅၀ ရရှိသည့်အတွက် နေ့စားခ ငွေကျပ်ငါးထောင်ကျော် ခြောက်ထောင်ရရှိသည်။ အိမ်တွင်းမှု ခေါင်းအုံးစွပ်ချုပ်လုပ်ငန်းတွင် မော်တာစက်ချုပ်စက်များကို အသုံးပြုကာ မှာယူသည်ပုံစံအတိုင်း ချုပ်ပေးကြရသည်။

လက်ရှိကာလ ခေါင်းအုံးစွပ်တစ်လုံး အပြီးအစီး ငွေကျပ် ၁၄၀၊ ၁၅၀ ဖြင့် ဖောက်သည်ပေးရပြီး အထည် အရည်အသွေးပေါ်မူတည်ကာ ဈေးနှုန်းအတက်အကျရှိသည်။ ခေါင်းအုံးစွပ်၊ ခေါင်းအုံး၊ ဖက်လုံးများကို မန္တလေးဈေးချို၊ နေပြည်တော်နှင့် အခြားဒေသများသို့ တင်ပို့ပေးရကြောင်း အိမ်တွင်းမှု စက်ချုပ်လုပ်ငန်းလုပ်ကိုင်သူ တစ်ဦးက ပြောပြသည်။

တိမ်တမန်